ရန်ကုန်တိုင်းမြို့နယ်အသီးသီးက တော်လှန်ရေးအင်အားစုလူငယ်တွေကို စစ်ကောင်စီက ထောင်ခြောက်ဆင်ဖမ်းနေ

ရန်ကုန်မြို့မှာပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို တစ်ညထဲ အနည်းဆုံး၅နေရာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရပါတယ်။ဖမ်းဆီးရာမှာလည်း နေရာစုံတစ်ပြိုင်နက်ထဲ ဝင်ရောက် ဖမ်းဆီးတဲ့အတွက် လူငယ်အင်အားအတော်များများဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ သပိတ်တက်ကြွလှုပ်ရှား သူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ 

“အရင်က စကစနဲ့ရပ်ကျေးတွေပူးပေါင်းပြီး ဧည့်စာရင်းစစ်ရင် ဥပမာ-စမ်းချောင်းဆိုစမ်းချောင်း တာမွေဆိုတာမွေတစ်နေရာစီ ဝင်စစ်တယ်ပေါ့ ဒီတစ်ခေါက်က စကစဘက်ကလှည့်ကွက်တွေသုံး ပြည်သူတွေကိုအာရုံပြောင်းပြီး တစ်ညထဲ(၅)နေရာလောက်ကို တစ်ပြိုင်နက်ထဲစာရင်းနဲ့အတိအကျဝင်စစ်တာ”လို့ သပိတ်တက်ကြွလှုပ်ရှားသူစစ်အာဏာရှင်ဆန့်ကျင့်ရေးရန်ကုန်အင်အားစုက ကိုရဲညီထက် ပြောပါတယ်။
  ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုလူငယ်၊ ခန့်မှန်းအယောက် ၃၀ကနေ ၅၀နီးပါးဟာစစ်ကောင်စီကဖမ်းဆီးခြင်းခံထားရတယ်လို့သူကယူဆထားပါတယ်။ 

ဒီလိုဖမ်းဆီးခံတာဟာ ပထမဖမ်းဆီးခံလိုက်ရတဲ့သူတွေဆီ ဆက်သွယ်ထားတဲ့အချိတ်အဆက်တွေကနေတစ်ဆင့် စာရင်းအတိအကျရပြီး စကစဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတာလို့ တက်ကြွလှုပ်ရှားသူအချို့ကဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့လူငယ်တွေကိုလဲရိုက်နှက်ဖမ်းဆီးခဲ့ပြီး ဘယ်ခေါ်သွားတယ် ဆိုတာလဲ သတင်းမရရှိသေးသလို ဖမ်းဆီးခံရသူတွေရဲ့မိဘတွေကသက်ဆိုင်ရာမြို့နယ်ရဲစခန်းကို သွားရောက်စုံစမ်းရာမှာလဲ ရဲစခန်းတွေက မသိဘူးမရှိဘူးပြောပြီး မောင်းထုတ်ခံရတာမျိုးတွေရှိတယ်လို့် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုက သတင်းရရှိပါတယ်။ 

“ဖမ်းဆီးခံရတဲ့လူငယ်တွေကိုဘယ်မှာရှိတယ်ဆိုတာလဲခုထိမသိရသေးတော့ အသက်အန္တရာယ်အထူးစိုးရိမ်ရပါတယ် ကျတော်တို့မြေပေါ်မြေအောက် တော်လှန်ရေးအင်အားစုတွေအနေနဲ့လဲ အားနည်းချက်တွေရှိနေလို့ လုံခြုံရေးစည်းပိုတိုးမြှင့်ဖို့လိုနေပါပြီ ပြည်သူတွေအနေနဲ့လည်း အာဏာရှင်လက်အောက်မှာနေသားကျနေကြတာမျိုးမဖြစ်ပဲ အသက်တွေဘဝတွေပေးဆပ်ထားရတဲ့ လူငယ်တွေကိုငဲ့ပြီး သပိတ်တွေတွေ့တဲ့အခါမှာလဲ ရရာနေရာမှပူးပေါင်းပါဝင်ကြဖို့နဲ့ လူငယ်တွေလုံခြုံရေးကိုလဲ ကူညီပေးကြဖို့ ပြောကြားချင်ပါတယ်” လို့ ကိုရဲညီထက်က ဆိုပါတယ်။


#thenationvoicemyanmar 
#ရန်ကုန်
#တော်လှန်ရေးအင်အားစု