တရားမဝင်အကြမ်းဖက်စစ်အာဏာရှင်က ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းဟာ တရားဝင်မှု မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာန က စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်က ပညာရေးကို အသုံးချပြီး (အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထုတ်ပြန် ကြေညာခြင်း စတဲ့ ) စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုများအားလုံးဟာ တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ ပြည်သူကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းများ ဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနဲ့ လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းတွေ ၊ ကောင်စီတွေရဲ့ ပညာရေး အဖွဲ့အစည်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီတွေရဲ့ အသိအမှတ်ပြုမှု သည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်တယ်လို့ ထပ်လောင်း အသိပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
တရားမဝင်အကြမ်းဖက်စစ်အာဏာရှင်က ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနဲ့ တသားတည်း ရပ်တည်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးမှာ ဆက်လက်ပါဝင်ပေးကြဖို့ ပညာရေးဝန်ကြီးဌာနက တိုက်တွန်း ပန်ကြား ထားပါတယ်။
#thenationvoicemyanmar
#NUG #ပညာရေး #တက္ကသိုလ်ဝင်တန်း