တိုက်ပွဲတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစိုးရိမ်မှုတွေကြား မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက် ရွှေ့ပြောင်းအခြေချမှုမြင့်တက်လာ

နယ်စပ်နဲ့နီးတဲ့ဒေသတွေကဒေသခံတွေက အာဏာသိမ်းစစ်တပ်နဲ့တိုက်ပွဲတွေနဲ့ COVID-19 ရောဂါကူးစက်မှုတို့ကိုရှောင်ရှားနေကြချိန် ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက် တရားမဝင်ရွှေ့ပြောင်းအခြေချသူအရေအတွက် မြင့်တက်လာတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၅ လအတွင်းမှာတင် နယ်စပ်ဖြတ်ကျော်လာတဲ့ရွှေ့ပြောင်းအခြေချသူ ၂၀၀၀၀ နီးပါးကို ထိုင်းရဲတွေက ဖမ်းမိခဲ့ပြီး အများစုကို အသက်အန္တရာယ်ရှိတဲ့အခြေအနေမှာတွေ့ရှိခဲ့တာလို့ ထိုင်းအခြေစိုက် အန်ဂျီအိုအဖွဲ့ The Foundation for Education and Development(FED) ကပြောပါတယ်။

တချို့ကို လူကုန်ကူးတဲ့လူတွေက လှိုဏ်ဂူတွေနဲ့ နယ်စပ်နားက သစ်တောတွေထဲမှာထားတာတွေ့ခဲ့တယ်လို့ FED ပြောခွင့်ရသူ ကိုမင်းဦးက ထုတ်ပြန်ချက်တစ်ခုမှာပြောပါတယ်။

“တခါတလေ ဒေသခံတွေက သတင်းပေးလို့ ထိုင်းရဲတွေက သူတို့ကို တွေ့တယ်။ ရွှေ့ပြောင်းအခြေချတဲ့လူတွေက တခါတလေ ထွက်ပြေးဖို့ကြိုးစားတယ်”လို့လည်းသူကပြောပါတယ်။

ထိုင်းရဲတွေထိန်းသိမ်းတာခံရတဲ့မြန်မာရွှေ့ပြောင်းအခြေချသူအရေအတွက်ကလည်း တစ်နေ့ချင်းပိုပိုများလာပြီး လက်ရှိမှာအများအပြားဟာ အစားအစာနဲ့ခိုလှုံစရာနေရာတွေရှားပါးပြတ်လပ်လာတယ်လို့လည်း အသိပေးပါတယ်။ အများစုက အာဏာသိမ်းမှုအပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေနဲ့ ကရင်နဲ့ကရင်နီပြည်နယ်တွေက သူတို့အိမ်တွေကနေထွက်ပြေးလာသူတွေဖြစ်တယ်လို့လည်း ဖြည့်စွက်ပါတယ်။

တခြားသူတွေက မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ COVID-19 ကူးစက်မှုကြောင့် စက်ရုံတွေပိတ်ပြီးနောက်ပိုင်း အလုပ်ရှာဖို့ထွက်လာကြသူတွေလို့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ဧပြီမှာနယ်စပ်ဖြတ်ကျော်ထွက်ပြေးလာပြီး လက်ရှိထိုင်းကအထည်ချုပ်စက်ရုံတစ်ရုံမှာအလုပ်လုပ်နေတဲ့ မသီတာဝင်းကပြောပါတယ်။

ထိုင်းမှာ တရားမဝင်အလုပ်လုပ်ချင်ရင် ဘတ် (၂၀၀၀၀) ကနေ (၃၀၀၀၀) ကြားပေးရတယ်လို့ စစ်ကိုင်းတိုင်းကနေထွက်လာပြီး လက်ရှိထိုင်းနယ်စပ်မြို့ငယ်တစ်မြို့မှာအလုပ်ရှာနေတဲ့ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားကိုအောင်ကိုဝင်းက ပြောပါတယ်။

ထိုင်းကိုတရားမဝင်ရွှေ့ပြောင်းလာသူအများစုဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ငါးဖမ်းလုပ်ငန်းတွေနဲ့ စက်ရုံတွေမှာအလုပ်လုပ်ကြပြီး တခြားသူတွေကတော့ အိမ်အကူအနေနဲ့ဖြစ်စေ၊ လယ်စာရင်းငှားတွေအနေနဲ့ဖြစ်စေအလုပ်လုပ်ကြတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ တလကို ဘတ်(၁၀၀၀၀)နဲ့(၁၅၀၀၀)ကြားဝင်ငွေရပြီး တရားမဝင်အလုပ်လုပ်ကြတာဖြစ်လို့ အာမခံကြေးတွေ၊ အလုပ်သမားအခွင့်အရေးတွေမရကြဘူးလို့လည်း သိရပါတယ်။

ထိန်းသိမ်းခံရွှေ့ပြောင်းလုပ်သားတွေအရေးအတွက် ထိုင်းအစိုးရကို တင်ပြထားတယ်လို့ ထိုင်းကရွှေ့ပြောင်းအလုပ်သမားများအဖွဲ့အရာရှိ အဒီဆွန် ကာ့ဖောက RFA ကိုပြောပါတယ်။ ဖမ်းဆီးခံရွှေ့ပြောင်းလုပ်သားတွေ ထောင်ကပြန်လွတ်တာနဲ့ သူတို့ကို နေရပ်ပြန်ပို့သွားမယ်လို့ ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးဝန်ထမ်းတစ်ဦးကလည်း RFA ကိုပြောပါတယ်။

စက်မှုလုပ်ငန်းနဲ့ငါဖမ်းလုပ်ငန်းတွေမှာ လုပ်သားအင်အားရှားပါးနေတာကိုဖြည့်ဖို့ ဇန်နဝါရီလကစပြီး မြန်မာနိုင်ငံလုပ်သားတွေကို တရားဝင်ခေါ်ယူထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာနညွှန်ကြားရေးမှူးချုပ် ပိုင်ရော ချိုတီကာဆာသီယန်ကလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံကိုအထောက်အထားမဲ့ရောက်လာတဲ့လုပ်သားတွေကို ထိန်းသိမ်းထားပြီး သူတို့ဝင်လာတဲ့လမ်းကြောင်းကနေ နေရပ်ပြန်ပို့ပေးနေပါတယ်။ ထိုင်းဥပဒေအရ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကို ထောင် ၂ နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်ပြီး ဒဏ်ငွေဘတ်(၂၀၀၀၀)အထိသတ်မှတ်နိုင်ပေမဲ့ သူတို့ကို ပုံမှန်အားဖြင့် နေရပ်ပဲပြန်ပို့တယ်လို့လည်း ပြောပါတယ်။

အာဏာသိမ်းမှုနဲ့ကမ္ဘာ့ကပ်ရောဂါတို့ကြောင့် မြန်မာနိုင်ငံမှာ လူ ၁.၆ သန်းအလုပ်လက်မဲ့ဖြစ်နေပြီး ၂၀၂၂ ခုနှစ်အကုန်မှာ နိုင်ငံလူဦးရေတဝက်ကျော် ၂၅ သန်းလောက်ဟာ အငတ်ဘေးကြုံနိုင်တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)က ၂၀၂၁ ခုနှစ်က အစီရင်ခံစာမှာခန့်မှန်းထားပါတယ်။

Source – Benar News

#thenationvoicemyanmar

#internationalnews

#ရွှေ့ပြောင်းလုပ်သား #ထိုင်းနိုင်ငံ