ပဲခူးမြို့၊ကလျာဏီရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကဇွန်လ ၁၆ညပိုင်းက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ကည ၈ နာရီလောက်မှာ ကလျာဏီရပ်ကွက်အုပ်ချုပ်ရုံးမှူးရုံးကို လူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရုံးရှေ့မှာထိုင်နေတဲ့ ဆယ်အိမ်မှူး (၁)ဦးနဲ့ နောက်ထပ်အုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဦး သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရပ်ကွက်ရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ရဲ့သမီး မစန္ဒီမြင့်အောင်ဆိုသူက ဗုံးနဲ့ (၃)ကြိမ်အထုခံထားရတဲ့ သူ့ဖခင်ရဲ့ရုံးကို ခုနောက်ထပ်တစ်ကြိမ်လာပစ်သွားတဲ့အကြောင်း လူမှုကွန်ယက်မှာရေးသားထားပါတယ်။
သေနတ်ဒဏ်ရာရသွားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးကို ပဲခူးဆေးရုံကြီးကိုပို့ထားပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ပဲခူးမြို့ ကလျာဏီရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာတင် အနည်းဆုံးနှစ်ကြိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
#thenationvoicemyanmar
#ပဲခူး
#အုပ်ချုပ်ရေးမှူး