ယူကရိန်းကို ဥရောပသမဂ္ဂထဲချက်ချင်းဝင်ခွင့်ပြုဖို့ ခေါင်းဆောင်တွေထောက်ခံ

ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်ဖြစ်လာဖို့ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ရိုမေးနီးယားနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ထောက်ခံခဲ့ပြီး အဖွဲ့ဝင်ချက်ချင်းဖြစ်သင့်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းဟာ ဥရောပမိသားစုနဲ့သက်ဆိုင်တယ်ဆိုပြီး ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှော့ဇ်က ကိယက်ဗ်မြို့မှာပြုလုပ်တဲ့ပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းအနေနဲ့ ဝင်ခွင့်ပြုမယ့်အခြေအနေတွေကို အပြည့်အဝကိုက်ညီနေရမယ်လို့လည်း သူကဖြည့်စွက်ပါတယ်။

ယူကရိန်းက ရုရှားကိုအနိုင်မရမချင်း အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်တဲ့အီးယူအဖွဲ့အနေနဲ့ ယူကရိန်းဘက်ကနေရပ်တည်ပေးဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတိုက်တွန်းပါတယ်။

ရုရှားရဲ့ဆက်လက်ကျူးကျော်နေမှုဟာ ညီညွတ်နေတဲ့ဥရောပကို စစ်ပွဲဆင်နွှဲနေတာလို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီကထုတ်ပြောခဲ့ပြီး ထိရောက်မှုအရှိဆုံးလက်နက်ဟာ ညီညွတ်မှုလို့လည်းပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်စစ်စတင်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေလွတ်မြောက်ဖို့နဲ့ ခုခံကာကွယ်နိုင်ဖို့ လက်နက်ကြီးတွေချက်ချင်းပို့ပေးဖို့လည်း ဇီလန်စကီက နောက်တကြိမ်ထပ်မံတောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့အစောပိုင်းမှာ အီးယူခေါင်းဆောင် ၄ ယောက်က မြို့တော်ကိယက်ဗ်နားမှာရှိပြီး ရုရှားကသီတင်းပတ်များစွာထိန်းချုပ်ထားပြီးနောက် ပျက်စီးနေတဲ့ အာပင်မြို့ကိုသွားရောက်ခဲ့ပါတယ်။
 
အာပင်နဲ့ ဘူချာမြို့လိုပတ်ဝန်းကျင်မြို့တွေမှာ အရပ်သားရာချီကိုသတ်ဖြတ်ပြီး ရုရှားစစ်သားတွေက စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲပြီး ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ဆီဗီရိုဒွန်နက်စ်မြို့မှာ ရုရှားတပ်ဖွဲ့တွေဆက်ပြီးထိုးစစ်ဆင်နေချိန်မှာ အခုခရီးစဉ်ဖြစ်လာခဲ့တာပါ။

ဆီဗီရိုဒွန်နက်စ်မြို့နဲ့အမွှာမြို့လိုင်ဆီချန့်စ်ကို သိမ်းပိုက်ဖို့ဟာ ပိုကျယ်ပြန့်တဲ့လူဟန့်ဒေသကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ရုရှားတပ်ဖွဲ့တွေရဲ့ ထိပ်တန်းစစ်ရေးရည်မှန်းချက်ဖြစ်နေတာ သီတင်းပတ်များစွာကြာနေပါပြီ။

Source – BBC

#thenationvoicemyanmar
#internationalnews #ဥရောပသမဂ္ဂ #ယူကရိန်း #ရုရှား