ရွေးကောက်ပွဲရလဒ်တွေပြောင်းပစ်ဖို့ မိုက် ပန့်စ်ကို ထရမ့်ဖိအားပေးခြိမ်းခြောက်ခဲ့

တရားမဝင်ဘူးလို့ ထပ်ကာထပ်ကာပြောပေမဲ့ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ အမေရိကန်ရွေးကောက်ပွဲရလဒ်ကိုပြောင်းဖို့ ဒုတိယသမ္မတဟောင်း မိုက် ပန့်စ်ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်က ဖိအားပေးခြိမ်းခြောက်ခဲ့တယ်လို့ ပန့်စ်ရဲ့အကြံပေးတွေကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုအပေါ်စုံစမ်းစစ်ဆေးနေတဲ့ ကွန်ဂရက်လွှတ်တော်ကော်မတီကို ဇွန် ၁၆ ရက်မှာပြောလိုက်တာပါ။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ ဂျိုး ဘိုင်ဒန်အနိုင်ရကြောင်း တရားဝင်အသိအမှတ်ပြုဖို့ ပန့်စ်နဲ့ လွှတ်တော်အမတ်တွေက ကြိုးစားနေပေမဲ့ လွှတ်တော်အဆောက်အအုံကို သူ့ကိုထောက်ခံသူတွေက အကြမ်းဖက်ခြိမ်းခြောက်တယ်ဆိုတာသိနေတဲ့အထိ ထရမ့်က ဆက်ပြီးဖိအားပေးခဲ့တယ်လို့ အောက်လွှတ်တော်ဒီမိုကရက်အမတ်တွေဦးဆောင်တဲ့ကော်မတီဝင်တွေကပြောပါတယ်။

အဖွဲ့ဝင် ၉ဦးပါတဲ့ကော်မတီက လူအများကြားကြားနာမှုအနည်းဆုံး ၆ ကြိမ်ရှိတဲ့အထဲက ၃ ကြိမ်ကို အခုလမှာအသုံးချပြီး ထရမ့်ရဲ့အရေးနိမ့်ခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲဖို့ကြိုးစားတဲ့လုပ်ရပ်ဟာ သာမန်နိုင်ငံရေးကိုအလွန်အကျွံဘောင်ကျော်ပြီး တရားမဝင်တဲ့လုပ်ရပ်တွေနဲ့ကိုက်ညီနေတယ်လို့ အမှုတည်ဆောက်နေကြတာပါ။

အမှားအယွင်းလုပ်ခဲ့တာမရှိဘူးလို့ ထရမ့်က ထပ်ကာထပ်ကာငြင်းဆိုထားပြီး ဒီမိုကရက် ဘိုင်ဒန်ကိုအကျိုးဖြစ်ထွန်းစေခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့်မဲလိမ်မှုတွေကြောင့်သာ သူအရေးနိမ့်ခဲ့တယ်လို့ သူ့ရဲ့တလွဲစွပ်စွဲချက်ကို ထပ်ကာထပ်ကာပြောပါတယ်။

ကော်မတီဟာ နိုင်ငံရေးစုန်းပြူးရှာနေတာလို့ပြောပြီး ထရမ့်နဲ့ လက်ရှိကွန်ဂရက်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ်တွေအပါအဝင် သူ့ကိုထောက်ခံသူတွေက ပြောနေပါတယ်။

ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်က ဘိုင်ဒန်ကို သမ္မတအဖြစ်အတည်ပြုမဲခွဲခဲ့တာဟာ ရွေးကောက်ပွဲရှုံးခဲ့ပေမဲ့ သမ္မတအဖြစ်ဆက်ရှိဖို့ နောက်ဆုံးအခွင့်အရေးအနေနဲ့ရှုမြင်တဲ့ ထရမ့်အတွက် အာရုံစိုက်စရာဖြစ်ခဲ့တာပါ။

Source – Reuters

#thenationvoicemyanmar
#internationalnews
#အမေရိကန်
#ထရန့်