စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ (၅)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Snake Eyes LPDF က ဒီကနေ့ ဇွန်လ (၁၇) ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေကတော့ ဇွန်လ (၁၁) ရက်ကနေ (၁၅) ရက်အထိ ဆက်တိုက်ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၃)ပွင့်နဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် (၃၅)ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်ရဲဘော် (၁)ဦးကျဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဇွန်လ (၁၁) ရက်ကနေစပြီး အင်အား (၁၀၀) ဝန်းကျင်နဲ့ ရွာဆိုး၊ ပေါက်ချိုင်၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ မူးကမ်းကြီး၊ ရေကြည်ဝ စတဲ့ကျေးရွာတွေမှာ စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်ပေါင်း (၂၇၂) လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူ (၁)ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေကို ဝင်သောင်းကျန်းနေတဲ့ အဲဒီစစ်ကောင်စီတပ်တွေကို Snake Eyes LPDF ၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၃)၊ ရွှေဘိုခရိုင် တပ်ရင်း (၉)၊ C & T Shwebo LPDF၊ Alpha 7 LPDF၊ ဒေါင်းမာန် LPDF၊ F. D. F LPDF၊ B.F.D.F (နဂါးတပ်စိတ်)၊ MDF-Shwebo နှင့် ပ.က.ဖ အဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကိုတော့ ပေါက်ချိုင်ကျေး ရွာအနီးမှာ (၁)ကြိမ်၊ ထူးကြီးနဲ့ တည်ပင်ရွာတွေဘက်မှာ (၁)ကြိမ်၊ မူးကမ်းကြီးနဲ့ ရေကြည်ဝကျေးရွာဘက်မှာ (၁)ကြိမ် မိုင်းဆွဲတိုက်ခိုက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုတွေအတွင်း တပ်ဖွဲ့ဝင် (၃၅) ဦးအထိ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ အထိနာသွားတာကြောင့် (၅)ရက်ကြာတိုက်ခိုက်အပြီးမှာ ရွှေဘိုမြို့ပေါ်ကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
#thenationvoicemyanmar
#ရွှေဘို