ကိုရိုနာဗိုင်းရပ်စ်အိုမီခရွန်မျိုးကွဲဟာ တခြားမျိုးကွဲတွေထက် COVID-19 ရောဂါလက္ခဏာတွေကို ရေရှည်ခံစားရဖို့ဖြစ်နိုင်ချေနည်းတယ်လို့ ဗြိတိန်ကအလားတူလေ့လာမှုမျိုးမရှိသေးတဲ့ပထမဆုံးလေ့လာမှုအရသိရပါတယ်။
လန်ဒန်မြို့၊ ကင်းကောလိပ်က သုတေသီတွေက ZOE COVID Symptom Study အက်ပလီကေးရှင်းကနေရရှိတဲ့အချက်အလက်တွေကိုအသုံးပြုလေ့လာခဲ့ရာမှာ ဗြိတိန်မှာ ဒယ်တာမျိုးကွဲထက် အိုမီခရွန်မျိုးကွဲကူးစက်မှုလှိုင်းအရ ကူးစက်မှု ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိကျဆင်းသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြာရှည်ဖြစ်နိုင်ချေနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
လူနာရဲ့အသက်အရွယ်နဲ့ သူတို့နောက်ဆုံးကာကွယ်ဆေးထိုးခဲ့တဲ့အခြေအနေတွေအပေါ်မူတည်ပြီး ကိန်းဂဏန်းတွေပြောင်းလဲနိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်တာကနေ ထိုင်းမှိုင်းတာအထိပြောင်းလဲနိုင်တဲ့ရောဂါလက္ခဏာတွေပါဝင်တဲ့ ရေရှည်ဖြစ်ပွားမှုဟာ လူနာကို အားအင်ကုန်ခမ်းစေပြီး သီတင်းပတ်ပေါင်းများစွာကနေ လပေါင်းများစွာကြာတဲ့အထိ ဆက်ဖြစ်နိုင်တာပါ။
ဒီဖြစ်စဉ်ကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအနေနဲ့ သတ်မှတ်မှုတွေမြင့်တက်နေပြီး အရင်မျိုးကွဲတွေလိုမျိုး အိုမီခရွန်မျိုးကွဲဟာလည်း အန္တရာယ်ကြီးသလားဆိုတာဖော်ထုတ်နိုင်ဖို့ သုတေသီတွေက အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။
ကင်းကောလိပ်ရဲ့လေ့လာမှုဟာ ရေရှည်ကူးစက်မှုအန္တရာယ်အတွက် အိုမီခရွန်က ဖြစ်နိုင်ချေနည်းတယ်ဆိုတာ ပထမဆုံးပညာရှင်တွေရဲ့သုတေသနရလဒ်ဖြစ်ပေမဲ့ ဒီအချက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့လူနာအရေအတွက် ကျဆင်းတာမဟုတ်ဘူးလို့လည်း သုတေသီတွေကပြောပါတယ်။
အိုမီခရွန်မျိုးကွဲကူးစက်မှုအပြီး ရေရှည်လက္ခဏာပြနေတဲ့လူနာ(၄၃၈၀၀၀) ယောက်ရှိပြီး ဒါဟာ ရေရှည်လက္ခဏာပြနေတဲ့လူနာတွေရဲ့ ၂၄ ရာခိုင်နှုန်းဖြစ်တယ်လို့ ဗြိတိန်အမျိုးသားစာရင်းအင်းဌာနက မေလမှာပြောပါတယ်။
Source – Reuters