မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ဖယ်ခုံ PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁နှစ်ပြည့်အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို ဆထက်တိုး ခုခံတွန်းလှန်သွားမယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၁၇ရက်မှာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့ မိုးဗြဲ PDFဟာ ပြည်တွင်း၊ပြည်ပမှ မိဘပြည်သူတွေရဲ့အားပေးထောက်ခံ့ ဝန်းရံမှုကြောင့် တစ်နေ့တခြား ကျစ်လစ် တောင့်တင်းလာတယ်လို့ ဖော်ပြထားပါတယ်။
မိုးဗြဲ PDFအနေနဲ့ ပြည်သူကို မျက်နှာမူပြီး တစ်နိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေနည်းတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆထက်တိုးပြီးခုခံ တွန်းလှန်သွားမှာ ဖြစ်တယ်လို့လည်း တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆင်းရဲမှုအထွေထွေ၊ သောကပေါင်းအလီလီကို ထမ်းရွက်နေရတဲ့ မိဘပြည်သူတွေအနေနဲ့လည်း ဆက်လက်ပြီး အားတင်းထားဖို့ မိုးဗြဲ PDF က တိုက်တွန်းထားသလို တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အစဉ်အမြဲ နှလုံးသွင်းကာ မလျော့သောဇွဲ၊ လုံ့လတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက် တော်လှန်ဖို့ အင်မတန်အရေးကြီးကြောင်းဖော်ပြထားပါတယ်။

မိုးဗြဲ PDF တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG, သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန-ဒုဝန်ကြီး တို့ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

#thenationvoicemyanmar #PDF #မိုးဗွဲ