မြစ်ကြီးနားမြို့နယ်၊တန်ဖဲရွာဘက်ကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က မနေ့ကမနက်ပိုင်းမှာ ၁၆ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၁) နယ်မြေ တန်ဖဲ ကျေးရွာနဲ့ Chying Hkrang ကျေးရွာ အကြားမှာ ဇွန်လ (၁၈)ရက်နေ့ မနက် ၇နာရီ ၁၀မိနစ်ခန့်က စစ်ကောင်စီ စစ်ကြောင်းကို ကေအိုင်အေနဲ့ KPDF စုပေါင်းတပ်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အင်အား(၁၀၀)ခန့်ရှိတဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေ တန်ဖဲ ကျေးရွာကနေ မြစ်ကြီးနားကို ဆင်းလာချိန် ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က (၁၆) ကြိမ်တိုင်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင် သတင်းအရ သိရကြောင်း ဖော်ပြထားပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး ၇နာရီ ၅၀ မိနစ် အချိန်ခန့်ထိ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်း မြစ်ကြီးနား – ပူတာအို လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်တွေ ခြေလျင်နဲ့ရော ကားနဲ့ပါ စစ်ရေးလှုပ်ရှားနေခြင်း၊စစ်အသုံးအဆောင်နဲ့ ရိက္ခာ သယ်ပို့ခြင်း ဆက်တိုက်လုပ်ဆောင်နေတာကြောင့် KIA တပ်နဲ့ ထိတွေ့တိုက်ပွဲတွေလည်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြောင်း KIA သတင်းနဲ့ ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
#thenationvoicemyanmar #kia #မြစ်ကြီးနား #မြစ်ဆုံ