ကသာနယ် ပုလွှေရွှေကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ရမ်းပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကျေးရွာတွေဘက် စစ်ကြောင်းထိုးနေပြီး ဒီကနေ့ ဇွန်လ (၁၉) ရက်မှာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့ ပုလွှေရွှေရွာက ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားတယ်လို့ ကသာ(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့နေ့လယ် (၁) နာရီခွဲလောက်မှာ ကသာမြို့ပေါ်ကနေထွက်လာတဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းဟာ ပုလွှေရွှေရွာဆိပ်ကမ်းအတက်မှာ လက်နက်ကြီးနဲ့ရမ်းပစ်တာကြောင့် နေအိမ်တစ်လုံးပေါ်ကျပြီး အသက် (၃၀) အရွယ် အိမ်ရှင်အမျိုးသမီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အင်အား (၁၀၀) ကျော်ပါတဲ့ အခြားစစ်ကြောင်းတစ်ကြောင်းဟာလည်း ကျောက်ထုံးကြီးရွာဘက် သံခွန်စက်လှေကြီးနှစ်စီးနဲ့ ဆန်တက်နေပြီး ဒုံးအော့ဆိပ်ကမ်းနားရောက်နေပြီလို့ ဖော်ပြပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဦးတည်လာနိုင်တဲ့ ပုလွှေရွှေ၊အင်းဒရံ၊ ဒုံးအော့၊ မြိုင်သာယာ၊ အထက်သဖန်းဒေါင့်၊အောက်သဖန်းဒေါင့်၊ရေနီ၊ကျောက်ထုံးကြီး၊နွယ်နီ ကျေးရွာများမှ ဒေသခံ ပြည်သူများ ဘေးလွှတ်ရာ ရှောင်တိမ်းနေကြဖို့ ကသာ(ပကဖ)က နှိုးဆော်ထားပါတယ်။

#thenationvoicemyanmar
#ကသာ