ဂန့်ဂေါမှာ စစ်တပ်က ချန်ထားခဲ့တဲ့ ၄၀ မမ ဗုံးပေါက်ပြီး ကလေးနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးအပြန်တွင် ချန်ရစ်ခဲ့တဲ့ လက်ကျန်ဗုံးသီးပေါက်ကွဲပြီး ကလေးနှစ်ဦး အသက်ဆုံးပါးခဲ့ရတယ်လို့ PDF – GanGaw က ဒီကနေ့ ဇွန်လ (၂၀) ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့ ဇွန်လ (၁၉) ရက် ညနေ (၅) နာရီလောက်မှာ ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာမှာ စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ခဲ့တဲ့ ၄၀-မမ ဗုံးသီး ပေါက်ကွဲပြီး အသက်(၇)နှစ်အရွယ် မောင်ပြည့်စုံမောင်နဲ့ မောင်မင်းထွဋ်ဇော်တို့ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတစ်လျောက် တောတိုက်တွေ၊ ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တာ၊ ကျန်ရစ်ခဲ့တာ၊ ပစ်ခတ်စဉ် မပေါက်ကွဲဘဲ ကျန်နေတာစတဲ့ ဗုံးသီးတွေနဲ့ အန္တရာယ်ရှိပစ္စည်းတွေကို တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ကလေးမိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ကလေးတွေကို ကိုင်တွယ်ကစားခြင်းတွေ မပြုကြဖို့ အထူးမှာကြားထားဖို့လိုအပ်ပြီး မြို့နယ်အတွင်းမှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေဆီ ချက်ချင်းအသိပေးအကြောင်းကြားပေးကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar
#ဂန့်ဂေါ #ဗုံးပေါက်ကွဲ #ကလေးနှစ်ဦးသေဆုံး