သက်တမ်းကုန်သွားတဲ့သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့သမီးအကြီးဆုံး ဆာရာ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံရဲ့ဒုတိယသမ္မတအဖြစ် တနင်္ဂနွေနေ့မှာကျမ်းကျိန်ခဲ့ပါတယ်။
ဒါဗာအိုမြို့မှာပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ ဖိလစ်ပိုင်နိုင်ငံညီညွတ်စေဖို့ ဆာရာက ကတိပြုခဲ့ပါတယ်။ အဲဒီမြို့မှာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က သူ့အဖေရဲ့မြို့တော်ဝန်နေရာကို အသက် ၄၄ နှစ်ရှိနေတဲ့ ဆာရာ လွှဲပြောင်းယူခဲ့တာပါ။ သူနဲ့အတူ သူ့ဖခင်ဒူတာတေးရဲ့သမ္မတနေရာကို ဆက်ခံမယ့် ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ ကျမ်းကျိန်ခဲ့တာပါ။ဇွန် ၃၀ ရက်မှာ သူတို့နှစ်ယောက်ရဲ့ ၆ နှစ်ကြာတာဝန်တွေစတင်တော့မှာပါ။
မေလကဖိလစ်ပိုင်ရွေးကောက်ပွဲတွေမှာ သူတို့နှစ်ယောက်တွဲဖက်ယှဉ်ပြိုင်ခြင်းအားဖြင့် သမိုင်းဝင်သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး ညီညွတ်ဖို့သတင်းစကားပါးတာကလည်း သူတို့မိတ်ဖက်တွေကို အစိုးရအဖွဲ့ဝင်နေရာတွေရဖို့ ကူညီခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတနဲ့ ဒုတိယသမ္မတနေရာတွေအတွက် သီးခြားစီရွေးကောက်တင်မြှောက်ရတာပါ။
၂၀၁၆ ခုနှစ်မှာ အာဏာရခဲ့တဲ့ဒူတာတေးဟာ မှုခင်းတွေလျှော့ချဖို့နဲ့ မူးယစ်ဆေးအကြပ်အတည်းကိုပြင်ဆင်ဖို့ ကတိပြုခဲ့ပါတယ်။ ၅ နှစ်ကြာတာဝန်ထမ်းဆောင်ချိန်မှာ ဒူတာတေးက မူးယစ်ဆေးဖြိုခွင်းရေးစစ်ပွဲလို့ပြောတဲ့ဖြစ်ရပ်တွေမှာ သံသယတရားခံထောင်ချီကို ရဲတွေက တရားလက်လွတ်သတ်နိုင်အောင် အားပေးခဲ့တယ်လို့ ဝေဖန်သူတွေကပြောပါတယ်။
သေဆုံးမှုများခဲ့တဲ့ဖြိုခွင်းမှုတွေမှာ လူထောင်ချီသတ်ခံခဲ့ရတဲ့အတွက် တရားဝင်စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ)က တောင်းဆိုခဲ့ပါတယ်။ ဖာဒီနန် မားကို့စ် ဂျူနီယာဟာလည်း ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့သားဖြစ်ပါတယ်။၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်အရေးအခင်းကြောင့် အာဏာရှင်အဖြစ်ကနေ ဖာဒီနန် မားကို့စ်ပြုတ်ကျခဲ့ပြီး အခုသားဖြစ်သူ ဂျူနီယာ ၃၆ နှစ်အကြာမှာ မားကို့စ်မိသားစုဝင်အနေနဲ့ အာဏာပြန်ရခဲ့ပါတယ်။
မားကို့စ်မိသားစုဟာ အာဏာရှင်စနစ်အဟောင်းမှာ ဖိနှိပ်မှုတွေအတွက် ပြန်တောင်းပန်ခဲ့တာမျိုးနဲ့ နိုင်ငံငွေတိုက်ထဲကနေသူတို့မိသားစုခိုးယူခဲ့တယ်လို့စွပ်စွဲတဲ့ရတနာအများစုကို ပြန်ပေးတာမျိုးမလုပ်ထားပါဘူး။
Source – BBC
#thenationvoicemyanmar
#internationalnews #ဖိလစ်ပိုင် #ဒူတာတေး