နိုင်ငံတကာကြက်ခြေနီအဖွဲ့အာရှပစိဖိတ်ဒေသညွှန်ကြားရေးမှူး မြန်မာနိုင်ငံလာရောက်ပြီး လူသားချင်းစာနာထောက်ထားမှုစိုးရိမ်ဖွယ်ရာကိစ္စတွေဆွေးနွေ

နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)အာရှ-ပစိဖိတ်ဒေသညွှန်ကြားရေးမှူး ခရစ္စတင်း ဆီပိုလာက ပြီးခဲ့တဲ့တပတ်မှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ကျန်းမာရေးစတဲ့အာဏာသိမ်းစစ်တပ်ဝန်ကြီးဌာနတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်မှာ မြန်မာနိုင်ငံလာရောက်ခဲ့တဲ့ ICRC ဥက္ကဋ္ဌ ပီတာ မော်ရာထုတ်ပြောခဲ့တဲ့တောင်းဆိုချက်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်ဖွယ်ကိစ္စတွေနောက်ပိုင်းဖြစ်လာတဲ့ခရီးစဉ်ပါ။

ဇွန် ၁၅ ရက်ကနေ ၁၈ ရက်အထိ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးမှုတွေထဲမှာ ဆီပိုလာက ICRC ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုတွေကို ဆွေးနွေးခဲ့ပြီး အရပ်သားတွေသေဆုံးမှုများလာတာသာမက နိုင်ငံတဝှမ်းအကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေပိုဆိုးလာတာအတွက် စိုးရိမ်ကြောင်းပြောပါတယ်။

ICRC အတွက် လုပ်ငန်းအခြေအနေတွေမှာစိန်ခေါ်မှုတွေမြင့်တက်နေပြီး အကူအညီလိုနေတဲ့လူသိန်းချီဆီရောက်ရှိခွင့် အလွန်တရာကန့်သတ်မှုတွေရှိနေချိန်မှာ ချင်း၊ကရင်နီ၊ကရင်ပြည်နယ်တွေနဲ့ မကွေးနဲ့စစ်ကိုင်းတိုင်းတို့မှာ လူသားချင်းစာနာထောက်ထားမှုတုံ့ပြန်ရေးလုပ်ငန်းအရှိန်မြှင့်တင်နိုင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တိုက်ပွဲကြီးတွေဖြစ်ပွားခြင်းမရှိတာ ၁၈ လကြာနေပြီး COVID-19 ကာကွယ်ရေးအစီအမံတွေကိုလည်း တဖြည်းဖြည်းဖြေလျော့နေတဲ့ရခိုင်ပြည်နယ်မှာလည်း လူသားချင်းစာနာထောက်ထားမှုနဲ့ရောက်ရှိခွင့်ကန့်သတ်ထားတာကို ပြန်လည်သုံးသပ်သင့်တယ်လို့လည်း သူက အလေးအနက်ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်ပြီးနောက်ပိုင်း မြန်မာအာဏာပိုင်တွေကရပ်ဆိုင်းထားတဲ့ ICRC နဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့် တတ်နိုင်သမျှအစောဆုံးပြန်ခွင့်ပြုဖို့လည်း သူကတောင်းဆိုပါတယ်။

လက်ရှိမှာ ထောင်အာဏာပိုင်တွေနဲ့ ဒီအချက်(၂) ချက်ကို သဘောတူညီတာမျိုးမရှိသေးပေမဲ့ ထိန်းသိမ်းခံရသူတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့တဲ့လုပ်ရပ်ဆက်လုပ်နေမယ်လို့လည်း ကတိပြုပါတယ်။

Source – ICRC

#thenationvoicemyanmar #internationalnews #ICRC #နိုင်ငံတကာသတင်း