မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ (၁၆) ရက်နေ့က အင်အား (၁၀၀) ကျော်ခန့်နဲ့ တောင်မြင့်ကျေးရွာကို ဦးတည်လာတဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၆၊ SLNL PDF တို့ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တောင်မြင့်ကျေးရွာမှာ တစ်ညအိပ်ပြီး ဇွန်လ (၁၇) ရက် မနက်ပိုင်းမှာ တောင်မြင့်ကျေးရွာကနေ ရွာသားနှစ်ဦးကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ကာ ကျားပစ်ကန်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သစ်ညီနောင်ကျေးရွာကို စစ်ကြောင်းထိုးလာစဥ် ရွာအဝင်မှာ ထောင်ထားတဲ့ မိုင်းတွေမိပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ကာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ပြီး ဒုတိယအကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လေကြောင်းစစ်ကူ ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆုတ်ခွါပေးခဲ့ရပါတယ်လို့ ဆိုပါတယ်။
သစ်ညီနောင်ကျေးရွာလာလမ်းမှာ လက်နက်ကြီးနဲ့ နှစ်ကြိမ်၊ ဆွဲမိုင်းနဲ့လေးကြိမ် တိုက်ခိုက်ခဲ့ပြီး ဖားအတောကျေးရွာအလာမှာ လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး SLN LPDF နဲ့ ဒေသခံညီနောင်မဟာမိတ်တို့ ပူးပေါင်းခုခံခဲ့တယ်လို့ SLN LPDF က ဆိုပါတယ်။
ဇွန်လ (၁၆) ရက် နဲ့ (၁၇) ရက်နေ့ နှစ်ရက်တာတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က (၅) ဦးသေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
#thenationvoicemyanmar #ပေါက် #တိုက်ပွဲဖြစ်ပွါး