မကွေး မြို့သစ်မြို့က ပျူစောထီးဒလန်လင်မယားအသတ်ခံရ၊ ဇနီးဖြစ်သူ ပွဲချင်းပြီးသေပြီး ယောင်္ကျားဖြစ်သူလွတ်မြောက်

မကွေးတိုင်း မြို့သစ်မြို့ ကွင်းကြီးရွာမှာ စစ်ကောင်စီသတင်းပေးပျူစောထီးအဖွဲ့၀င် လင်မယားဖြစ်တဲ့ မောင်ကောင်းနဲ့ ဌေးကြည်ဆိုသူတို့ကို ဇွန်လ (၁၉) ရက် မနက် (၁၀) နာရီလောက်က သုတ်သင်ခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မနေ့က ထုတ်ပြန်ထားပါတယ်။

မောင်ကောင်းတို့လင်မယားဟာ စစ်ကောင်စီလက်ကိုင်တုတ်အဖြစ် ဆက်ကြေးကောက်တာ၊ တော်လှန်ရေးအင်အားစုနေရာတွေကို လမ်းပြပြီးမီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ထောက်ပို့လုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အကွက်ဆင်သတင်းပေးတာ၊ ဖမ်းဆီးတာတွေ ဆက်လက်ပြုလုပ်နေတာကြောင့် သူတို့ရွာအနီးမှာပဲ သုတ်သင်ခဲ့တာလို့ သိရပါတယ်။

ဌေးကြည်ကို သေနတ်နဲ့( ၄)ချက်ပစ်ကာ သုတ်သင်ခဲ့ပြီး မောင်ကောင်းဟာ ကလေးကို အကာအကွယ်ယူပြီး ထွက်ပြေးသွားတာကြောင့် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

” မောင်ကောင်းကိုကျည်မထိသွားဘူး၊ သူက ကလေးရှေ့ကပိုက်ပြီး ပြေးတာပါ၊ ကလေးထိမှာစိုးလို့ မပစ်ခဲ့ဘူးဗျ ” လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့လည်း ဖော်ပြထားပါတယ်။

#thenationvoicemyanmar

#မကွေး #မြို့သစ်မြို့ #စစ်ကောင်စီသတင်းပေး