စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေလို့ ကျေးရွာ (၁၀) ရွာထက်မနည်း ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အဲဒီရွာတွေကတော့ ယင်းမာပင်မြို့ရဲ့အနီးဝန်းကျင်မှာရှိနေတဲ့ မြို့ပေါ်၊ ပြောင်းပြာ၊ နုံးကြီး၊ ရွာထောင်၊ လေးရွာ၊ ရွာသာယာ၊ နှောရိုး၊ ကောင်းဆင့်၊ မြို့သစ်၊ မင်းဇူး စတဲ့ကျေးရွာတွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အဲတာက မနေ့ည(ဇွန် ၂၀)ကဖြစ်စဥ်ဗျ။ နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး အပြန်အလှန်ပစ်ကြတဲ့အခြေအနေလို့လည်း သိရတယ်ဗျ ” လို့ တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့ညပိုင်းကစပြီး ယင်းမာပင်မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာဖြစ်ပြီး ဒီကနေ့ ဇွန်လ (၂၁) ရက်နေ့ မနက်အစောပိုင်းအထိ ပစ်ခတ်နေတာကြောင့် မြို့နဲ့နီးတဲ့ရွာတွေက ဒေသခံတွေဘေးလွတ်ရာရှောင်နေရတယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်(ယင်းမာပင်)က ပြောပါတယ်။
ချင်းတောင်ဘက်ကဆင်းလာတဲ့ အကြမ်းဖက်စစ်ယာဥ်တန်း ယင်းမာပင်နယ်ထဲ ဖြတ်သန်းစဥ်ကလည်း လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတွေကိုဝင်ရောက်ပြီး နေအိမ်တွေမီးရှို့တာ၊ အကြမ်း ဖက်ဖျက်ဆီးတာ၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ဖောက်ထွင်းယူတာတွေအပြင် ပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

#thenationvoicemyanmar
#ယင်းမာပင် #လက်နက်ကြီးနဲ့ပစ် #စစ်ဘေးရှောင်