အာဏာသိမ်းစစ်တပ် ကာကွယ်ရေးဝန်ကြီးကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ခွင့်ပိတ်ဖို့တောင်းဆိုမှုတွေကို ကမ္ဘောဒီးယားပယ်ချ

မနက်ဖြန်မှာပြုလုပ်မယ့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အာဏာသိမ်းစစ်တပ်ကာကွယ်ရေးဝန်ကြီး တက်ရောက်ခွင့်မပြုဖို့ မြန်မာနဲ့ နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကို အိမ်ရှင်နဲ့အခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ပယ်ချလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ကာကွယ်ရေးဝန်ကြီး မြထွန်းဦးဟာ စစ်တပ်ရဲ့အရပ်သားတွေအပေါ်ရက်စက်မှုတွေအတွက် တာဝန်ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေကပြောပြီး အစည်းအဝေးတက်ရောက်ခွင့်မပြုဖို့ တောင်းဆိုကြတာပါ။

အာဆီယံဟာ (၁၀) နိုင်ငံပါတဲ့အဖွဲ့အစည်းဖြစ်လို့ အစည်းအဝေးမှာ (၁၀) နိုင်ငံစလုံးက ကာကွယ်ရေးဝန်ကြီးတွေကို တက်ရောက်ခွင့်ပြုသွားမယ်ဆိုပြီး ပြီးခဲ့တဲ့သောကြာနေ့မှာ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောထားပါတယ်။

မြထွန်းဦးကို ဖိတ်ကြားရင် ဥပဒေပြင်ပသတ်ဖြတ်မှုတွေ၊ အဓမ္မဖမ်းဆီးမှုတွေ၊ လုယက်မှုတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို မီးရှို့နေတဲ့ အာဏာသိမ်းစစ်တပ်ကို အားပေးအားမြောက်ရာရမယ်ဆိုပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့ (၆၇၇) ဖွဲ့က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ အာဆီယံထိပ်သီးအစည်းဝေးတို့မှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ရှိသူကို နိုင်ငံရေးတာဝန်ယူထားခြင်းမရှိတဲ့သူကိုဘဲ တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

အာဏာသိမ်းမှုအပြီး တစ်နှစ်ကျော်တဲ့အထိ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံကို ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် မကြုံစဖူး လက်နက်ကိုင်ခုခံမှုတွေ ကြုံတွေ့နေရလို့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ဒေသခံတပ်ဖွဲ့တွေကြောင့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေ အကျအဆုံးများနေပါတယ်။

Source – Khmer Times

#thenationvoicemyanmar

#အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး #အာဏာသိမ်းစစ်တပ် #မြထွန်းဦး #ကမ္ဘောဒီးယား