စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) က စစ်သည်တစ်ဦးဟာ ရှေ့တန်းစခန်းတစ်နေရာကနေ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စခန်းကို မနေ့ကရောက်ရှိလာခဲ့ပါတယ်။
သူရောက်ရှိလာချိန်မှာ စစ်ကောင်စီတပ်ရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့ရာမှာတော့ စစ်ကောင်စီ လက်အောက်ခံတပ်အတွင်း စစ်သည်တွေ ထိခိုက်ကျဆုံးမှု များပြားနေတာတွေနဲ့ပတ်သက်ပြီး အရာရှိ/စစ်သည်တွေကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေကြတယ်လို့ သူက ပြည်သူ့ပန်းတိုင်အဖွဲ့ကို ပြောပြခဲ့ပါတယ်
ထို့အပြင်စစ်ဆင်ရေးကာလကြာမြင့်မှုနဲ့အတူ ရှေ့တန်းစစ်ဆင်ရေး တပ်တွေအတွက် ရိက္ခာ လုံလောက်စွာမရှိပဲ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်းကိုလည်း အသိပေးပြောပြခဲ့တာပါ။
အဲဒီလို အခြေအနေတွေကြောင့် ၎င်းစစ်သည်ရဲ့ တပ် တစ်တပ်တည်းမှာပဲ ထိခိုက်ကျဆုံးသူတွေနဲ့ CDM ပြုလုပ်သွားတဲ့ စစ်သည်အရေအတွက်ဟာ စုစုပေါင်း (၂၀) ကျော်ခန့်ရှိတယ်လို့ သိရပြီး PDF တပ်ဖွဲ့တွေရဲ့ မိုင်းစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေအတွက် ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီ လက်အောက်ခံတပ်တွေက CDM ပြုလုပ်သူ များပြားလာပြီး စစ်ကောင်စီ အထက်ပိုင်းအရာရှိတွေဟာ အောက်ခြေစစ်သည်တွေရဲ့ လစာ/စရိတ်၊ မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး ချုပ်ကိုင်ထားမှု ပိုမို လုပ်ဆောင်နေကြောင်းနဲ့ CDM ပြုလုပ်၍ စစ်ကောင်စီ တပ်ကို စွန့်ခွာချင်သူတွေရှိနေပေမယ့် အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် ထွက်မလာရသေးတဲ့ စစ်သည် အများအပြားရှိနေသေးတယ်လို့ အဲဒီ CDM စစ်သားကပြောပါတယ်။
#thenationvoicemyanmar
#မိုင်းစစ်ဆင်ရေး