ကောလင်းမြို့မှာ စစ်ကောင်စီယာဉ် မိုင်းနဲ့ တိုက်ခိုက်ခံရလို့(၄)ဦးသေ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တစ်စီးကို ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Kawlin Revolution က ဖော်ပြထားပါတယ်။

ဒီကနေ့ ဇွန်လ ၂၁ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က (၄)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ဖော်ပြထားတာပါ။

ကောလင်းဒေသခံတစ်ဦးကလည်း မြို့ပေါ်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကို အတည်ပြုပါတယ်။

“သူတို့ကားကိုမိုင်းဆွဲတာလို့ပြောတယ်။သူတို့ဘက်က (၄)ယောက်သေတယ်လို့ ပြောတယ်။ သူတို့က အိမ်စီးကားပေါ့။ ဒီကောင်တွေက သိမ်းထားတဲ့ ကားတွေကို စီးတာဆိုတော့။ ကားကတော့ တော်တော်လေး မှန်တွေကွဲပြီးနောက်ပိုင်းတော့ ထိတယ်ပြောတယ်”လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှု အပြီးမှာ စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်က လူငယ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ကောလင်းဒေသခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို The Secret Warrior ပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာလို့ Kawlin Revolution က ဖော်ပြပါတယ်။

#thenationvoicemyanmar #ကောလင်း #စစ်ကိုင်း #ပြောက်ကျား