ငွေတိုက်စာချုပ်ရောင်းတာ၊မင်းအောင်လှိုင်နေအိမ် ရောင်းတာ ကန်ဒေါ်လာ ၄၅ သန်းကျော် ရထားဟု NUG ရှင်းလင်း၊ ၉၅ရာခိုင်နှုန်း ကာကွယ်ရေးအတွက် သုံးထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ငွေတိုက် စာချုပ်ရောင်းချတာနဲ့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားမှုတွေကို ရောင်းချထားတာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရရှိထားကြောင်း NUG က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်း ပြောကြားလိုက်ပါတယ်။

ငွေတိုက်စာချုပ်ရောင်းတာအမေရိကန်ဒေါ်လာ  ၃၈သန်းရရှိထားသလို  မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားမှုကို ရောင်းချထားတာက  ဒေါ်လာ ၇သန်းကျော်  ရရှိထားတယ်လို့ သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အဲဒီထဲက ၉၅ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားတယ်လို့ ကျွန်တော်တို့ ပြောလိုပါတယ်။ ကာကွယ်ရေးအသုံးစရိတ်လို့ ပြောတဲ့အခါ မဟာမိတ်တွေနဲ့ မျှဝေ သုံးစွဲတာတွေရှိပါတယ်။  PDFတွေကို လက်နက်တပ်ဆင်တာတွေရှိပါတယ်။ နောက်ပြီး စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးတွေမှာ သုံးစွဲတာတွေလည်းရှိပါတယ်”လို့  သူက ပြောပါတယ်။

တော်လှန်ရေးအတွက် အသုံးစရိတ်က လစဉ် ဒေါ်လာ ၁၀သန်း ရရှိဖို့ လိုအပ်တာဖြစ်လို့ ဒီပမာဏ ပြည့်မီဖို့ အစိုးရ အနေနဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ လုပ်ငန်းရှင်တွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အစိုးရကို တော်လှန်ရေးတာဝန်တစ်ရပ်အနေနဲ့ အခွန် ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့  ဦးနေဘုန်းလတ်ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဆီ ပြည်သူလူထုက နည်းပေါင်းစုံနဲ့ထည့်ဝင်ထောက်ပံ့နေတာကြောင့် တော်လှန်ရေးဟာ လျင်မြန်စွာ တိုးတက်အောင်မြင်နေပြီး လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ပိုမိုအားကောင်းလာနေကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် မကွေးနဲ့ စစ်ကိုင်းမှာ နယ်မြေ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့သလို  မြို့ပြတွေမှာ ပြောက်ကျား လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ဆက်လက်ရှင်သန်နေတာ၊ PDFတွေရဲ့ လှုပ်ရှားမှု ပိုအားကောင်းလာတာ စတာတွေကိုလည်း ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။

#thenationvoicemyanmar #NUG #ငွေတိုက်စာချုပ်

Leave a Reply

Your email address will not be published. Required fields are marked *