စရဖတစ်ရုံးလုံးကို AA ဖမ်းစီး၊ AA နဲ့ စကစတပ် အပြန်အလှန် လူဖမ်းပွဲကျင်းပနေ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး တရုံးလုံးကို မနေ့ညက ရက္ခိုင့်တပ်တော် ( AA ) တပ်ဖွဲ့ဝင်တွေက ဖမ်းစီးသွားပါတယ်။ 

အဲ့ဒီလို စစ်တပ်ဘက်ကလူတွေ ဖမ်းဆီးခံရတာကြောင့် ဒီနေ့ မနက်မှာ မြောက်ဦးမြို့ပေါ်ရှိ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီတပ်သားတွေက လမ်းသွား လမ်းလာတွေကို စစ်ဆေးကာ ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ခံ ၂၀ နီးပါးကို ဖမ်းဆီးထားကာ မြို့ဝင်မြို့ထွက် နဲ့ စေတီပုထိုးတည်ရှိရာ တောင်ကုန်းတွေမှာ နေရာ အပြည့်ယူထားတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့က ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA တပ်ဖွဲ့ဝင်တွေက ဖမ်းစီးခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်မြို့လုံးရှိ အိမ်တွေကို တအိမ်တက် တအိမ်ဆင်းရှာဖွေကာ ကျောက်တော်မြို့ခံ တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း ကိုလည်းဖမ်းစီးခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၁ ဦး နဲ့ တပ်သား ၁ ဦးကို AA ဖမ်းဆီးခဲ့ရာ တပ်သားအဆင့်ဖြစ်သူ ဖမ်းဆီးခံရပြီး အရာရှိမှာ လွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ စစ်ကောင်စီဘက်က  ပုဏ္ဏားကျွန်းဒေသခံ အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ကာမြောက်ဦးမြို့နယ် တိန်ညိုစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦးကို AA က ထပ်မံဖမ်းစီးခဲ့ပါတယ်။

အဲ့ဒီလို အပြန်အလှန် လူဖမ်းပွဲတွေကျင်းပနေတာကြောင့် ရခိုင်ပြည်နယ်မှာ စစ်မီးပြန်တောက်လာမှာကို စိုးရိမ်နေကြရပါတယ်။

#thenationvoicemyanmar 
#AA
#မြောက်ဦး