တရုတ်တောင်ပိုင်းမှာ ရေကြီးလို့ လူသိန်းချီဘေးလွတ်ရာရွှေ့ပြောင်းနေရ

မိုးသည်းထန်ခဲ့လို့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေကဒေသခံသိန်းချီကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပါတယ်။

မြစ်ရေလျှံနေပြီး ရေကြီးတဲ့အမြင့်ဟာ ပြီးခဲ့တဲ့နှစ် (၅၀)အတွင်း အမြင့်ဆုံးဖြစ်နေလို့ အင်္ဂါနေ့က ပြည်နယ်နှစ်ခုမှာ ရေကြီးမှုသတိပေးချက်အဆင့်မြှင့်တင်ခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်သံမှာထုတ်လွှင့်တဲ့ဗီဒီယိုတွေမှာတော့ လမ်းပေါ်ကကားတွေရေထဲရောက်နေတာ၊ ရေလျှံနေတဲ့မြစ်တွေထဲမှာ လူတွေကို ကြိုးတွေတားပြီးကယ်ဆယ်နေတာတွေပါဝင်ပါတယ်။

အဲဒီနေရာတွေဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း မိုးရေချိန်အများဆုံးရောက်နေတယ်လို့ မိုးလေဝသဌာနအရာရှိတွေကပြောပါတယ်။

မြစ်ကမ်းပါးတွေတလျှောက်နဲ့ မြေနိမ့်ပိုင်းတွေမှာနေတဲ့ဒေသခံတွေကို မြေမြင့်ရာရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂွမ်ဒေါင်းပြည်နယ်က ရှောင်ဂွမ်မြို့ဟာ အဆိုးဆုံးထိခိုက်တဲ့နေရာဖြစ်ပြီး မေလနှောင်းပိုင်းကတည်းက မိုးရေချိန်စံချိန်တင်မြင့်တက်နေတဲ့မြို့မှာ ရေကြီးမှုအန္တရာယ်သတိပေးချင်အမြင့်ဆုံးအဆင့်ထုတ်ပြန်ထားသလို ဂွမ်ဒေါင်းပြည်နယ်၊ ကွင်းယွမ်မြို့မှာလည်း အလားတူသတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဂွမ်ဒေါင်းနဲ့ကွမ်ရှီပြည်နယ်တွေကိုဝိုင်းရံထားတဲ့ ပုလဲမြစ်ဝှမ်းမြေနိမ့်ဒေသမှာ မိုးကြီးလို့ ကုန်ထုတ်လုပ်ရေး၊ ပို့ဆောင်ရေးနဲ့ သင်္ဘောတင်ပို့တာတွေနှောင့်နှေးနေပါတယ်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျန်းရှီပြည်နယ်မှာလည်း ခရိုင်(၉)ခုက လူ(၄၈၅၀၀၀)ထိခိုက်ခဲ့ပြီးနောက် အာဏာပိုင်တွေက ရေလွှမ်းမိုးမှုသတိပေးချက်မြှင့်တင်ထားတယ်လို့ ရှင်ဟွာသတင်းအေဂျင်စီကဖော်ပြပါတယ်။

အဲဒီနေရာမှာ စီးပွားရေးထိခိုက်မှုယွမ်သန်း (၄၇၀)ဖိုးရှိပြီး ကောက်ပဲသီးနှံစိုက်ပျိုးမြေ (၄၃၃၀၀) ဟက်တာပျက်စီးခဲ့တယ်လို့လည်း ရှင်ဟွာကဖော်ပြပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အခြေအနေပိုဆိုးလာနိုင်ပြီး ပုလဲမြစ်ညှာမှာ ရေပိုတက်လာနိုင်တယ်လို့ ဒေသအာဏာပိုင်တွေက သတိပေးပါတယ်။

ဂွမ်ဒေါင်း၊ ဖူဂျန်းနဲ့ ကွမ်းရှီပြည်နယ်တွေမှာ မေလအစောပိုင်းနဲ့ ဇွန်လလယ်အထိမိုးရေချိန် ၆၂.၁ စင်တီမီတာရှိခဲ့ပြီး ဒါဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အများဆုံးအနေအထားလို့ တရုတ်အမျိုးသားမိုးလေဝသစင်တာက ပြောပါတယ်။

Source – BBC

#thenationvoicemyanmar

#internationalnews

#နိုင်ငံတကာသတင်း #တရုတ် #ရေကြီးမှု