ပုသိမ်-မုံရွာလမ်းပေါ်မှာ ကားတစ်စီးတိုက်ခိုက်ခံရပြီး PDF (၁၂) ဦး ကျဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း မဲဇလီတံတားမှာ PDF တွေလိုက်ပါလာတဲ့ ဖောကား တစ်စီး တိုက်ခိုက်ခံရပြီး PDF (၁၂) ဦးကျဆုံးကာ ဒဏ်ရာတွေနဲ့ (၃) ဦး ဖမ်းဆီးခံရတယ်လို့ ရဲကြေးနန်းအရသိရပါတယ်။  

ဒီနေ့ နံနက် ဖောကားကို  စစ်ကောင်စီ ဗိုလ်မှူး မင်းပိုင်စိုးက မသင်္ကာတဲ့အတွက် အဲဒီကားကို ရပ်တန့်စစ်ဆေးရာ PDF တွေက စတင်ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ယာဉ်မှာ ပေါက်ကွဲပျက်စီးသွားပြီး ကားပေါ်ပါ PDF (၁၂) ဦးကျဆုံးကာ (၃) ဦး အရှင်ဖမ်းမိသော်လည်း (၂) ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ ရဲကြေးနန်းမှာ ဖော်ပြထားပါတယ်။

ဖောကားပေါ်မှာ အင်အား ၂၀ ဦးခန့်ပါခဲ့ပြီး လက်နက် (၂၅) အနက် (၁၉) လက် ပျက်စီးသွားတယ်လို့ဆိုကာ (၆) လက်ကို အကောင်းအတိုင်း သိမ်းဆည်းခဲ့တဲ့အပြင် ပျက်စီးနေတဲ့ ၄၀ မမ ဗုံးသီးလောင်ချာကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အဲဒီအနီးနာမှာရှိတဲ့ ဒေသခံတွေကတော့ ဒီနေ့မနက်မှာ မဲဇလီတံတားမှာ ပစ်ခတ်သံတွေကြားရပြီး လက်နက်ကြီးသံတွေလည်းကြားရကာ မီးခိုးလုံးတွေထွက်ပေါ်နေတာတွေ့ရတယ်လို့ ပြောဆိုနေကြပါတယ်။

မဲဇလီတံတားဟာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အဲဒီသတင်းမှန်ကန်မှုရှိမရှိကို PDF အဖွဲ့တွေက ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

#thenationvoicemyanmar
#ပွင့်ဖြူ #ပုသိမ်_မုံရွာလမ်း #မဲဇလီတံတား