ပွင့်ဖြူမှာ ဒီနေ့ဖြစ်တဲ့တိုက်ပွဲအတွင်း ကျဆုံးရဲဘော်တွေဟာ သရက်-ကံမ PDF တပ်ဖွဲ့ဝင်များဖြစ်၊စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိဟုသရက် PDF ထုတ်ပြန်

မကွေးတိုင်း၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်မှာရှိတဲ့ မဲဇလီတံတား အနီးမှာ ဒီမနက်က သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သရက် PDF က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲမှာ နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီး သရက်-ကံမပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ကျဆုံးထိခိုက်ရဲဘော် အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

တိုက်ပွဲဝင်ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ဖို့အတွက် မိတ်ဘက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ကူညီမှုများစွာနဲ့ အလျင်အမြန် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။ 

ကယ်ထုတ်နိုင်ခဲ့တဲ့ ရဲဘော်အရေအတွက်ကိုဖော်ပြမထားပေမယ့် ဒေသခံသတင်းရင်းမြစ်တချို့ရဲ့ ပြောကြားချက်အရ ရဲဘော်(၁၄)ဦး ဘေးကင်းရာကိုရောက်ရှိခဲ့တယ်လို့ သိရတယ်။

တန်ဖိုး ကြီးမားလှတဲ့  တော်လှန်ရေး ခရီးကြမ်းမှာ  ပြည်သူတရပ်လုံးအတွက် တာဝန်ကျေပွန်သည်ထက်ပိုလွန်သော ပေးဆပ်စွန့်လွှတ်ခဲ့တဲ့  သရက်-ကံမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အာဇာနည် ရဲဘော်ရဲဘက် သူရဲကောင်းတို့ရဲ့ သွေးနဲ့ရေးထိုးခဲ့တဲ့   ဂုဏ်ဒြပ်ထု သစ္စာတရားတို့ကို  ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမတွေက မဖောက်ပြန်သော သစ္စာ စောင့်သိမှုတွေနဲ့ ဆက်လက်  တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ သစ္စာကတိပြုကြောင်း သရက် PDF က ထုတ်ပြန်ပါတယ်။

ဒီနေ့မဲဇလီတံတား တိုက်ပွဲမှာ PDF ရဲဘော် (၁၂)ဦးကျဆုံးခဲ့ပြီးဖမ်းဆီးခံရသူတချို့ရှိခဲ့သလို PDF တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်(၂၀)ကျော် ဆုံးရှုံးခဲ့ရတယ်လို့ မကွေးတိုင်းက PDFတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

#thenationvoicemyanmar #သရက် #ကံမ #ပွင့်ဖြူ #မကွေး