စင်ကာပူမှာ နိုင်ငံခြားကနေမျောက်ကျောက်ရောဂါကူးစက်မှုရှိနေတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာအတည်ပြုပါတယ်။
လူနာဟာ လေယာဉ်အမှုထမ်းအနေနဲ့အလုပ်လုပ်တဲ့ အသက် ၄၂ နှစ်အရွယ်ဗြိတိန်နိုင်ငံသားဖြစ်ပါတယ်။ ဇွန် ၁၅ရက်ကနေ ၁၇ရက်အထိ စင်ကာပူမှာရှိခဲ့ပြီးနောက် စင်ကာပူကနေ အသွားအပြန်လုပ်နေတာကြောင့် ဇွန် ၁၉ရက်မှာ စင်ကာပူပြန်ရောက်လာပါတယ်။
ဇွန် ၂၀ ရက်မှာ မျောက်ကျောက်ရောဂါကူးစက်မှုရှိနေကြောင်း စစ်ဆေးအတည်ပြုရလဒ်ထွက်လာပါတယ်။ ကူးစက်ရောဂါစင်တာမှာ သူ့ကို ကုသမှုပေးနေပြီး အခြေအနေတည်ငြိမ်နေတယ်လို့လည်း အသိပေးသလို ထိတွေ့မှုခြေရာခံတာလည်း လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ ဇွန် ၁၄ရက်မှာ ခေါင်းကိုက်ခဲ့ပြီးနောက် ဇွန် ၁၆ရက်မှာ အဖျားရှိလာပေမဲ့ အဲဒီလက္ခဏာတွေပျောက်ကွယ်သွားပြီးနောက်ပိုင်း ဇွန် ၁၉ရက်မှာ အရေပြားမှာ အစက်တွေထွက်လာပါတယ်။
ဇွန် ၁၉ ရက်ညမှာ ဖုန်းကနေတဆင့် ဆေးခန်းကိုဆက်သွယ်ကုသမှုခံယူခဲ့ပြီးနောက် ဇွန် ၂၀ရက်မှာ သူ့ကို ကူးစက်ရောဂါစင်တာမှာနေရာချထားခဲ့ပါတယ်။
“သူပါဝင်ခဲ့တဲ့လေကြောင်းခရီးစဉ်တွေနဲ့ စင်ကာပူမှာနေတဲ့ကာလအတွင်း ထိတွေ့ခဲ့သူတွေကို ခြေရာခံနေပါတယ်။ အဲဒီကာလမှာ အနှိပ်ခန်းတစ်ခန်းကို သွားတာကလွဲလို့ သူက အခန်းထဲမှာပဲနေတာများပြီး ဇွန် ၁၉ ရက်မှာတော့ ဆိုင် ၃ ဆိုင်မှာ စားသောက်ခဲ့ပါတယ်။ယေဘုယျအားဖြင့်တော့ အဲဒီနေရာတွေကို သွားတဲ့လူတွေကို ကူးစက်နိုင်ချေနည်းပါတယ်။ အချက်အလက်တွေအရ မျောက်ကျောက်ရောဂါဟာ အနီးကပ်နေတာ၊ အချိန်ကြာကြာအတူရှိနေတာမျိုးကနေမှ ကူးစက်တာပါ။ လူနာသွားရောက်ခဲ့တဲ့နေရာ ၄ နေရာစလုံးကို သန့်ရှင်း၊ ပိုးသတ်တာတွေလုပ်နေပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။
ဇွန် ၂၁ ရက်အထိ အနီးကပ်ထိတွေ့သူ ၁၃ ယောက်ကို ဖော်ထုတ်ထားနိုင်ပြီး သူတို့ လူနာနဲ့နောက်ဆုံးထိတွေ့ခဲ့တဲ့ရက်ကနေ ၂၁ ရက်အထိ အသွားအလာကန့်သတ်မှုတွေလုပ်ထားမယ်လို့လည်း အသိပေးပါတယ်။
ဒါ့အပြင် ကူးစက်နိုင်ချေနည်းတဲ့ထိတွေ့ထားသူ ၂ ယောက်ကိုလည်း ဖုန်းကနေတဆင့် စောင့်ကြည့်ထောက်လှမ်းနေပြီး ၂၁ ရက်စောင့်ကြည့်ကာလအတွင်းမှာ နေ့စဉ်ဖုန်းခေါ်ပြီး ရောဂါလက္ခဏာတွေပေါ်လာသလားမေးမြန်းသွားမယ်လို့လည်း သိရပါတယ်။ ကူးစက်တယ်လို့ သံသယရှိရင်တော့ သူတို့ကိုလည်း ကူးစက်ရောဂါစင်တာကိုခေါ်ယူကုသမှုပေးပြီး နောက်ထပ်ကူးစက်မှုတွေကာကွယ်နိုင်အောင်လုပ်သွားမယ်လို့လည်း အသိပေးပါတယ်။
မျောက်ကျောက်ရောဂါဟာ လူတွေကြားအလွယ်တကူမပြန့်နှံ့နိုင်ပေမဲ့ မျောက်ကျောက်ရောဂါကူးစက်ခံထားရသူတွေရဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေနဲ့မျက်နှာသုတ်ပုဝါတွေကိုထိတွေ့တာ၊ ကူးစက်သူဆီက အရည်ကြည်ဖုတွေနဲ့ထိတွေ့တာ၊ ကူးစက်သူရဲ့ချောင်းဆိုး၊ နှာချေတာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။
ကူးစက်ခံထားရရင် ၅ ရက်ကနေ ၂၁ ရက်အတွင်း မျောက်ကျောက်ရောဂါလက္ခဏာတွေပေါ်ပေါက်လာပါတယ်။ ရောဂါလက္ခဏာတွေထဲမှာ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ ပြန်ရည်ကြောအထုံးတွေယောင်လာတာ၊ ချမ်းတုန်တာနဲ့ မောပန်းတာတွေပါဝင်ပါတယ်။ မျက်နှာကနေစပြီး အဖုတွေထွက်လာတဲ့နောက် တကိုယ်လုံးကို ပြန့်နှံ့သွားတတ်တာလည်း ပါဝင်ပါတယ်။
Source – CAN
#thenationvoicemyanmar
#internationalnews
#နိုင်ငံတကာသတင်း #မျောက်ကျောက်ရောဂါ