ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင်(မြောက်)ရွာက ပြည်သူ (၂) ဦးကို စစ်တပ်က သတ်ဖြတ်၊ ဆည်တဲကျေးရွာကိုလည်းဝင်စီးပြီး ပြည်သူ (၂၀) လောက်ကို ဓါးစာခံအဖြစ် ဖမ်းထား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး မိုးကြိုးပြင်(မြောက်)ကျေးရွာက ပြည်သူ (၂) ဦးကို စစ်တပ်က သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ စစ်တပ်က မိုးကြိုးပြင်(မြောက်)ကျေးရွာကို ဝင်စီးကာ ရွာလုံးကျွတ်မီးတင် ရှို့ခဲ့တဲ့အတွက် မီးပြန်ငြှိမ်းတဲ့ ပြည်သူ (၂) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ထားကာ တစ်ရွာလုံးလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

” ဘယ်လိုသတ်ထားတာလဲဆိုတာတော့ မသိဘူး။ (၂) ယောက် အသတ်ခံရတာတော့ သေချာတယ်။ ဓါးစာခံအနေနဲ့ ဖမ်းသွားပြီး သတ်ပစ်တာ။ သူတို့က သာမာန်ပြည်သူတွေ။ PDF တွေလည်း မဟုတ်ဘူး ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာဟောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီးတော့ ကိုဇော်နိုင်အပါအဝင် ရွာခံပြည်သူ အယောက် (၂၀) လောက်ကို ဓါးစာခံအဖြစ်ဖမ်းစီးထားပြီး နေအိမ်တွေကို ဝင်ရောက်မွှေနှောက်နေတဲ့အတွက် အဲဒီရွာက ပြည်သူတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ လက်ပံတောင်းတောင်ဒေသကို အင်အားအလုံးအရင်းနဲ့ ရောက်ရှိတဲ့အတွက် အဲဒီနားမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

#thenationvoicemyanmar

#လက်ပံတောင်းတောင်ဒေသ #ဝမ်ပေါင်ကြေးနီစီမံကိန်း