CDM လုပ်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဗိုလ်ကြီးတွေရဲ့ ရှေ့တန်းစခန်းက စစ်သည်တစ်ဦး လွတ်မြောက်

စစ်ကောင်စီ လက်အောက်ခံ ခလရ (၃၃၈) က စစ်သည်တစ်ဦး ရှေ့တန်းစခန်းတစ်နေရာကနေ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေတစ်နေရာက ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းကို မနေ့က ရောက်ရှိလာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရှေ့တန်းစခန်းတွေမှာ ရိက္ခာတွေစုနေပြီး စစ်သည်တွေ အနားယူချိန်မရဘဲ အလုပ်လုပ်နေရသလို၊ သူတို့စခန်းက လက်နက်ပြင်စစ်သည်တစ်ဦး CDM ပြုလုပ်ကာ စွန့်ခွာသွားစဉ်အချိန် စခန်းမှာကျန်ခဲ့တဲ့ စစ်သည်တွေ ထိုသို့ မပြုလုပ်ဖို့နဲ့ ပြုလုပ်ပါက ပစ်သတ်မယ်လို့ တပ်ခွဲမှူး ဗိုလ်ကြီး ကိုကိုဝင်းနဲ့ ဗိုလ်ကြီးကျော်ဇင်ဦးတို့က ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ CDM စစ်သားက ပြန်လည်ပြောပြခဲ့ပါတယ်။

စစ်ကောင်စီတပ်ရှေ့တန်းစခန်းတွေမှာ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်တာတို့ကြောင့် တပ်က စွန့်ခွာချင်တဲ့ စစ်သည်တွေရှိတယ်လို့လည်း သူကဆိုပါတယ်။ စစ်ကောင်စီတပ်ကနေ စွန့်ခွာပြီး CDM ပြုလုပ်ကာ ပြည်သူနဲ့အတူ ရပ်တည်ချင်တဲ့ အရာရှိ/စစ်သည်တွေအနေနဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ Telegram https://t.me/CDMSOLDIERS ကို ချိတ်ဆက်မေးမြန်းကာ လိုအပ်တဲ့ အကူအညီ ရယူနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar

#CDMစစ်သား #ပြည်သူ့ပန်းတိုင်အဖွဲ့