ဆေးခြောက်အလွန်အကျွံမသုံးစွဲဖို့ ထိုင်းအစိုးရသတိပေး

ဇွန် ၉ ရက်က ထိုင်းမှာ ဆေးခြောက်ကို မူးယစ်ဆေးစာရင်းကနေပယ်ဖျက်ပြီးနောက် ဘန်ကောက်မြို့ကဆေးရုံ ၃ ရုံမှာ ဆေးခြောက်အလွန်အကျွံသုံးစွဲလို့ လူ ၉ဦး ကုသမှုခံနေရတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနက အသိပေးပါတယ်။ 

ဆေးရုံတက်ရသူတွေဟာ ဆေးခြောက်ပါတဲ့အစားအစာတွေအလွန်အကျွံစားတာနဲ့ အပန်းဖြေဖို့ရည်ရွယ်ချက်နဲ့ ဆေးခြောက်ကို အလွန်အကျွံသုံးစွဲတာတို့ကြောင့်ဖြစ်တယ်လို့ ဌာနဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ မာနက် ဖိုသာပွန်ကပြောပါတယ်။ 

သူတို့ရဲ့သွေးကြောနဲ့နှလုံးတွေ၊ အာရုံကြောစနစ်နဲ့ အစာချေစနစ်တွေမှာ ဆေးခြောက်ကြောင့် ထိခိုက်မှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။ 

သွေးကြောနဲ့နှလုံးထဲမှာ ဆေးခြောက်အလွန်အကျွံရှိတာကြောင့် နှလုံးခုန်မြန်ပြီး သွေးခုန်နှုန်းမငြိမ်တာတွေဖြစ်နေပြီး အာရုံကြောစနစ်မှာ ထိခိုက်တာက မူးဝေတာနဲ့ အစာချေစနစ်မှာထိခိုက်တာက အော့အန်တာတို့ဖြစ်တယ်လို့လည်း အသိပေးပါတယ်။ 

တချိန်တည်းမှာပဲ ဗုဒ္ဓဟူးနေ့မှာ ထိုင်းဆေးသိပ္ပံဌာနက ဆေးခြောက်ထဲမှာပါတဲ့စိတ်ကိုပြောင်းလဲစေတဲ့ပစ္စည်း တက်ထရာဟိုက်ဒရိုကန်နာဘီနော(THC)ပါဝင်မှု ဝ.၂ ရာခိုင်နှုန်းထက်ကျော်၊ မကျော်ကိုစစ်ဆေးနိုင်တဲ့ စမ်းသပ်ပစ္စည်းထုတ်လုပ်မှုအောင်မြင်ကြောင်း ကြေညာခဲ့ပါတယ်။ 

THC ဝ.၂ ရာခိုင်နှုန်းထက်ပိုပြီးပါဝင်တဲ့ဆေးခြောက်အဆီတွေကို အဆင့် ၅ မူးယစ်ဆေးအဖြစ်သတ်မှတ်ထားသေးပါတယ်။ 

Source – Bangkok Post 
Photo – Bangkok Post

#thenationvoicemyanmar
#internationalnews
#နိုင်ငံတကာသတင်း
#ထိုင်းနိုင်ငံ
#ဆေးခြောက်