KDF တပ်စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင် (၂) ဦးကျဆုံးပြီး (၂) ဦးအဖမ်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ် အခြေစိုက် ဆင်ကရွာ နဲ့ တောင်နောက်ကြားမှာရှိတဲ့ Kyaukpadaung Defence Force(KDF) တပ်စခန်းကို စစ်အုပ်စုက ဒီနေ့ မနက်မှာ ၀င်ရောက်စီးနင်းခဲ့ပြီး လက်လုပ်သေနတ်တွေနဲ့ ပြန်လည်ခုခံခဲ့ပေမယ့် လက်နက်အင်အားမမျှတတာကြောင့် KDF တပ်စခန်းကို ပေးအပ်လိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

KDF တပ်ဖွဲ့၀င် (၂) ဦးကျဆုံးခဲ့ပြီးတော့ ဒဏ်ရာတွေနဲ့ မပြေးနိုင်တဲ့ ရဲဘော် (၂) ဦးလည်း ထပ်မံဖမ်းဆီးခံရကာ ကျန်ရဲဘော်တွေ လွတ်မြောက်ရာကို ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီတပ်စခန်းမှာရှိတဲ့ အဆောက်အဦးနှစ်ခုလုံးကို စစ်တပ်က မီးရှို့သွားပြီး အချို့သောလက်နက်၊ပစ္စည်းတွေကိုလည်း KDF တပ်ဖွဲ့က လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ 

အဲဒီစခန်းဟာ ချောက်မြို့နယ်တွင်း ဂွေးချိုနယ်တဝိုက်မှာ အထိုင်ချထားတဲ့ စခန်းဖြစ်ပြီး KDF၊ ရေနံချောင်း၊ ချောက် (၃) မြို့ ပေါင်းပြီး ထုတ်လုပ်ရေး ၊ သင်တန်းတွေလည်း လုပ်ဆောင်နေတာပါ။ 

အဆိုပါစခန်း စီးနင်းမခံရခင် လွန်ခဲ့တဲ့ (၃) ရက်လောက်က ရေနံချောင်းက လူငယ်တစ်ဦးအဖမ်းခံရပြီးနောက် မနေ့ညက ရေနံချောင်းကနေ ချောက်ကို ခေါ်လာပြီး ဒီနေ့မနက် စောစောမှာ ဝင်စီးခံရတာလည်းဖြစ်ပါတယ်။ 

#thenationvoicemyanmar 
#ချောက် #KDF