မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေးကေတပ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Black Warriors Force(PDF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်မှာရှိတဲ့ လေးကေတပ်စခန်းကို ဇွန်လ ၂၂ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖက်မှ (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုတွေ နေထိုင်ရာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဘီးလင်းမြို့နယ် မင်းစောရွာအတွင်း ကျရောက်ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူ ထိခိုက်မှု အရေအတွက်ကို ဖော်ပြမထားပေမယ့် ဒီလို ထိခိုက်မှု ရှိခဲ့တဲ့ အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ Black Warriors Force(PDF) ကထုတ်ပြန်ပါတယ်။
KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်က အရင်ကလည်း လေးကေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပါတယ်။အဲဒီ လေးကေစခန်းအပါအဝင် ဒေသတွင်းကစစ်ကောင်စီတပ်စခန်းတွေဟာ ပြည်သူလူထုတွေနေထိုင်ရာနေရာတွေကိုလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေလို့ ဒေသကနေ ဆုတ်ခွာပေးဖို့လည်း သတိပေးထားပါတယ်။
#thenationvoicemyanmar #PDF #မွန်ပြည်နယ် #ဘီးလင်း #လေးကေ