တမူးနယ် လင်းဖိုင်ရွာကိုမီးရှို့တဲ့စစ်တပ်က ဒေသခံ (၃)ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ တမူးနယ် လင်းဖိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့  စစ်ကောင်စီတပ်က ဒေသခံရွားသား (၃)ဦးကိုပါ သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ (၂၃) ရက်မနေ့က တမူးနယ် လင်းဖိုင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ (၃)ဦးကို ဖမ်းဆီးခဲ့ကာ အဲဒီနေ့ညပိုင်းမှာပဲ ဒေသခံ (၃)ဦးလုံးကို ပစ်သတ်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့ရတဲ့ဒေသခံ (၃)ဦးဟာ မောင်ပေါင်တင်းထန်၊ ဦးဟောင်လင်မန်နဲ့ ဦးဆေးခိုထန်တို့ဖြစ်ပြီး ရုပ်အလောင်းတွေကို နန်းမွန်းတားရွာပြင်မှာ ရှာတွေ့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြောင်းမဲ့ပစ်သတ်ခံရသူ (၃)ဦးမှာ မောင်ပေါင်တင်းထန်တစ်ဦးသာ လူလွတ်ဖြစ်ပြီး ကျန်နှစ်ဦးက အိမ်ထောင်ရှိပြီး သားသမီး (၄)ဦးစီကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဇွန်လ (၂၄) ရက်နေ့မှာဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ တမူးမြို့အဝင်နားက စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။ 

#thenationvoicemyanmar 
#တမူး #လင်းဖိုင်ရွာ #မီးရှို့ဖျက်ဆီး