စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဗန်းမောက်၊ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့ နဲ့စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ Banmauk Revolution က ဖော်ပြပါတယ်။
ဇွန်လ ၂၃ရက်က ဗန်းမောက်မြို့နယ်၊မင်းကုန်းရွာနဲ့ ရွာသာယာကြားမှာ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က(၆၁)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Banmauk Revolution က ဖော်ပြထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲဘော်တွေရဲ့ အလောင်းတွေကိုပင် မကောက်နိုင်ဘဲ ထွက်ပြေးသွားလို့ ဒေသကာကွယ်ရေးတပ်တွေက သင်္ဂြိုလ်ပေးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသခံတစ်ဦးကတော့ တိုက်ပွဲအခြေအနေမသိရပေမယ့် ဒီကနေ့မနက်ကစပြီး အင်းတော်နဲ့ ဗန်းမောက်လမ်းကို ပိတ်ထားတာ ကြားရတယ်လို့ပြောပါတယ်။
အင်းတော် – ဗန်းမောက် ကားလမ်းကို ဒီမနက် ကနေ မနက်ဖြန် ဇွန်လ၂၅ရက် နံနက် ၆နာရီအထိ ဘယ်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒီမနက်မှာ အရေးပေါ်ကြေညာထားပါတယ်။
#thenationvoicemyanmar
#စစ်ကိုင်း #ဗန်းမောက်
#အင်းတော် #တိုက်ပွဲ