၂၀၂၃ ခုနှစ်မှာ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ အာဏာသိမ်းစစ်တပ်ရဲ့ကတိစကားဟာ ယုတ္တိမရှိဘူးလို့ ကုလသမဂ္ဂမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အန်ဒရူးက ကြာသပတေးနေ့မှာပြောပါတယ်။
အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုကို တရားဝင်ထောက်ခံအောင် ဝါဒဖြန့်မှုတွေထဲမှာ မကျဆုံးဖို့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း သူကသတိပေးပါတယ်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက် တရားဝင်အစိုးရအဖြစ် အထင်ကြီးခံချင်လို့ စစ်တပ်က ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
“၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်တယ်လို့ အကြံပြုချက်တိုင်းဟာ ပွင့်ပွင့်လင်းလင်းပြောရရင် အဓိပ္ပာယ်မရှိဘူး။ကိုယ်နဲ့ဆန့်ကျင်ဘက်တွေကို ထောင်ချထားပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်မလာနိုင်ဘူး။ ဆန့်ကျင်ဘက်တွေကို သေဒဏ်ချထားရင်လည်း မရနိုင်ဘူး။ ဒါမျိုးက ရမ်းကားနေတာ”လို့ မလေးရှားနိုင်ငံကိုသွားရောက်စဉ် သတင်းစာရှင်းလင်းပွဲမှာ အန်ဒရူးကပြောတာပါ။
“သူတို့က အချိန်နဲ့တပြေးညီဝါဒဖြန့်နေတာ။ နိုင်ငံတကာအသိုက်အဝန်းက သူတို့ကိုတရားဝင်ကြောင်းအသိအမှတ်ပြုသလိုမျိုး သူတို့ရနိုင်တဲ့သက်သေတွေသုံးပြီးပြလိမ့်မယ်။ ဒါ ကျွန်တော်တို့အရမ်းသတိထားနေတဲ့အချက်ပဲ။ ဝါဒဖြန့်ထောင်ချောက်ထဲမကျအောင် ဂရုစိုက်ဖို့လိုပါတယ်”လို့လည်း အန်ဒရူးကဖြည့်စွက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တယ်လို့ပြောပြီး စစ်တပ်က အာဏာသိမ်းခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်ကိုလည်း ပြန်လည်ခန့်အပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမယ်လို့လည်း ပြောပါတယ်။
Source – AP
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ရွေးကောက်ပွဲ #ကုလသမဂ္ဂ