ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မစျေးမီးပွိုင့်အနီးပေါက်ကွဲမှုမှာ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းရဲ့ယာဥ်လမ်းကြောင်းကို ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ SYM(UG) က မနေ့ ဇွန်လ (၂၄) ရက်မှာ ထုတ်ပြန်ပါတယ်။
နေ့လယ် (၁) နာရီခွဲလောက်က တောင်ကြီးမြို့ မြို့မစျေးအနီးမီးပွိုင့်ရှိ ယာဥ်ထိန်းရဲ ကင်းရုံးအနီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။
” ထိုပေါက်ကွဲမှုသည် မိမိတို့ SYM UG အဖွဲ့မှရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စိုးဝင်းလမ်းကြောင်းကိုဖောက်ခွဲရန်ရည်ရွယ်သော်လည်း စက္ကန့်အနည်းငယ်မျှစော၍ဖောက် ခွဲလိုက်မိသည်ကိုမိဘပြည်သူများအားများစွာအားနာလျက်ရှိပါသည် ” လို့ ဖော်ပြပါတယ်။
လာမယ့် ဇွန်လ (၂၆) ရက်မှာပြုလုပ်မယ့် ဖမ်းမိမူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးမယ့်ပွဲကို စစ်ခေါင်းဆောင်တစ်ဦးတက်မယ်လို့ မြို့ခံတွေကြားသတင်းထွက်နေချိန် ခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာလို့ တောင်ကြီးမြို့ခံတွေက ပြောဆိုကြပါတယ်။