ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကျောင်းဆရာမ တစ်ဦးနဲ့သူမရဲ့တစ်နှစ်ကျော်အရွယ်ကလေးငယ်တို့ အသက်ဆုံးရှုံးခဲ့ရကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့နတ်ကြီးတပ်စခန်းဟာ ဇွန်လ ၂၃ရက်နေ့လည်ပိုင်းမှာ တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုနေထိုင်ရာ ရွာတောကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှအသက် (၂၅)နှစ်အရွယ်ရှိနော်စန်းစန်းဝင်း(ခ)နော်အေးနဲ့ သူမရဲ့ (၁) နှစ် (၂)လသားအရွယ်ကလေးငယ်တို့ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
“နေ့လည် ၁၂ နာရီဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊၁နာရီကျော်မှာ တစ်ချက်ပစ်တယ် အားလုံးပေါင်း (၄) ချက်ပစ်တယ် နောက်ဆုံး(၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ”လို့ဒေသခံတစ်ဦးက ပြောတယ်လို့ ဖော်ပြထားပါတယ်။ ဆရာမနော်စန်းစန်းဝင်းဟာ အစူးချောင်းကျေးရွာမှာနေထိုင်ပြီး ဝင်းကတိုက်(ဝါကတယ်)ကျေးရွာမှာ ပညာသင်ကြားပေးနေတဲ့ ဆရာမ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
#thenationvoicemyanmar
#ဘီးလင်း #KNU #သထုံ #မွန်ပြည်နယ်