ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို နေအိမ်မှာသွား ရောက်ရှင်းလင်းခဲ့တယ်လို့ လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန်လ (၂၄) ရက် မနေ့မနက် (၁၁) နာရီလောက်က ရေဖြူနယ် နတ်တွင်းရာက စစ်ကောင်စီခန့် တွဲဖက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း(ခ)နော်ဒဲဆိုသူအား လောင်းလုံ(ပကဖ)နဲ့ Dawei Guerrilla Revolutionary Force(DGRF)တို့ပူးပေါင်းပြီး သူ့ရဲ့နေအိမ်မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နတ်တွင်းအုပ်ချုပ်ရေးမှူး မင်းမင်းဆိုသူကို ဆက်လက်သုတ်သင်ဖို့ သူ့ရဲ့နေအိမ်ကိုသွားခဲ့ပေမယ့် နေအိမ်မှာမရှိဘဲ တိမ်းရှောင်သွားတာကြောင့် ရှင်းလင်းနိုင်ခြင်းမရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။
မင်းမင်းဆိုသူက သူ့ရဲ့နေအိမ်မှာ CCTV တွေတပ်ဆင်ထားပြီး အဲဒီရုပ်သံမှတ်တမ်းတွေကို ဖျက်ဆီးဖို့အချိန်မရတဲ့အတွက် CCTV အထိုင်စက်ထားရှိတဲ့ ဆီဆိုင်ကိုမီးရှို့ခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နတ်တွင်းရွာက စစ်ကောင်စီသတင်းပေးဒလန် (၄)ဦးကို ဆက်လက်သုတ်သင်ဖို့ကျန်နေသေးပြီး အဲဒီဒလန်တွေအနေနဲ့ ပြည်သူ့ဘက်အမြန်ဆုံးရပ် တည်ကြဖို့ တိုက်တွန်းထားပြီး မရပ်တည်ဘဲ ဆက်ပြီးဒလန်လုပ်နေမယ်ဆိုရင် အချိန်မရွေး၊ နေရာမရွေးရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။
#thenationvoicemyanmar
#ရေဖြူ #အုပ်ချုပ်ရေးမှူး