ဇူလိုင် ၃၀၊ The Nation Voice
ပြည်သူပိုင်နဲ့ပုဂ္ဂလိကကဏ္ဍကဝန်ထမ်းတွေကို အပူလှိုင်းဖြတ်နေချိန်မှာ စွမ်းအင်ချွေတာဖို့အစီအစဉ်အနေနဲ့ လည်စည်းမစည်းကြဖို့ စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်က တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားသဘာဝဓာတ်ငွေ့ကိုမှီခိုမှုလျှော့ချတဲ့အနေနဲ့ ဥရောပနိုင်ငံတွေကြိုးစားနေချိန်မှာ စွမ်းအင်ချွေတာရေးအရေးအကြီးအစီအမံတွေ ကျင့်သုံးသွားမယ်လို့လည်း ဆန်းချက်ဇ်ကပြောပါတယ်။
သောကြာနေ့မှာ မက်ဒရစ်မြို့မှာ အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယက်စ်နဲ့ ဆီဗီးလ်မြို့မှာ ၃၉ ဒီဂရီဆဲလ်စီးယက်စ်ရှိပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ဥရောပတခွင်စံချိန်တင်အပူချိန်မြင့်တက်မှုတွေရှိခဲ့ပါတယ်။
သူလည်း လည်စည်းမစည်းထားကြောင်းနဲ့ ဝန်ကြီးတွေ၊ အရာရှိတွေနဲ့ ပုဂ္ဂလိကကဏ္ဍဝန်ထမ်းတွေအနေနဲ့လည်း လည်စည်းမစည်းကြဖို့ လိုလားတယ်လို့ ဆန်းချက်ဇ်က မက်ဒရစ်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။လည်စည်းမစည်းရင် စွမ်းအင်ချွေတာနိုင်မယ်လို့လည်း သူကပြောပါတယ်။
ဒီလုပ်ရပ်ကြောင့် လူတွေပူတော့မှာမဟုတ်တဲ့အတွက် လေအေးစက်အသုံးနည်းလာပြီး စွမ်းအင်အတွက်ကုန်ကျငွေသက်သာလာနိုင်တယ်ဆိုပြီးလည်း ဝန်ကြီးချုပ်ကပြောပါတယ်။
စပိန်နိုင်ငံက ဒီလိုလုပ်ရပ်ပထမဆုံးအကြိမ်လုပ်ခဲ့တာမဟုတ်ဘဲ ၂၀၁၁ ခုနှစ်မှာလည်း နွေရာသီမှာ ရုံးဝန်ထမ်းတွေကို အေးတဲ့အဝတ်အစားတွေဝတ်ဖို့ စည်းရုံးလှုံ့ဆော်မှုကို ဂျပန်နိုင်ငံက မိတ်ဆက်ခဲ့ပါတယ်။
Source – BBC
Photo – Getty Images