ရုရှားတိုက်ခိုက်ရေးလေယာဉ်တွေနဲ့ အရပ်သားနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြန်မာစစ်တပ်ကိုစွပ်စွဲ

ဇူလိုင် ၃၀၊ The Nation Voice

မြန်မာနိုင်ငံတွင်းကအရပ်သားနေရာတွေကိုတိုက်ခိုက်ဖို့ မြန်မာစစ်တပ်က ရုရှားထုတ်စစ်လေယာဉ်တွေသုံးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Myanmar Witness က သောကြာနေ့မှာ အစီရင်ခံပါတယ်။

မြန်မာစစ်တပ်က Yak-130 ဂျက်တိုက်လေယာဉ်တွေသုံးပြီး အရပ်သားလူနေများတဲ့နေရာတွေပတ်လည်ကို ပဲ့ထိန်းနိုင်ခြင်းမရှိတဲ့ဒုံးကျည်တွေ၊ (၂၃)မမ အမြောက်တွေပစ်ခတ်ခဲ့တယ်လို့ ပွင့်လင်းထောက်လှမ်းရေးသတင်းရင်းမြစ်တွေကိုအခြေခံတဲ့အစီရင်ခံစာသစ်မှာ လန်ဒန်အခြေစိုက်အဖွဲ့က သက်သေတွေအတည်ပြုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကထွက်လာတဲ့ပုံတွေနဲ့ရုပ်သံဖိုင်တွေကို Myanmar Witness အဖွဲ့က ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပြီး ရုရှားတိုက်ခိုက်ရေးလေယာဉ်တွေကိုအသုံးပြုခဲ့တဲ့ဖြစ်စဉ်အများအပြားကို အတည်ပြုခဲ့ပါတယ်။

အခုလအစောပိုင်း အွန်လိုင်းမှာတင်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ဇွန်လက မြဝတီတောင်ပိုင်းကနေရာတခုကိုတိုက်ခိုက်ရာမှာ ဒုံးကျည်အများအပြားကိုပစ်လွှတ်နေတဲ့ Yak-130 လေယာဉ်ကို တွေ့ရပါတယ်။

ဗီဒီယို ၂ ခုရိုက်ကူးခဲ့တဲ့နေရာဟာ ထိုင်းနယ်စပ်ကနေ မီတာ (၂၀၀) ကျော်ကွာဝေးတဲ့မြန်မာနယ်စပ်မျဉ်းတလျှောက်မှာရှိတယ်လို့ Myanmar Witness က ဖော်ထုတ်ထားနိုင်ပါတယ်။

အဖွဲ့က အတည်ပြုထားတဲ့ဗီဒီယိုနောက်တစ်ခုမှာတော့ သေးဘောဘိုးဒေသနားကိုတိုက်ခိုက်ရာမှာ Yak-130 တိုက်လေယာဉ်တွေအပါအဝင် အာဏာသိမ်းစစ်တပ်က လေယာဉ်အမျိုးအစားအများအပြားကို အသုံးပြုခဲ့ကြပါတယ်။

တခြားစစ်ဆင်ရေးအများအပြားမှာ Yak-130 တွေပျံသန်းနေတဲ့ပုံတွေလည်း အစီရင်ခံစာမှာပါဝင်ပါတယ်။မြန်မာစစ်တပ်မှာ Yak-130 လေယာဉ် (၂၀) လောက်ရှိတယ်လို့ Myanmar Witness က ယုံကြည်နေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံက မြန်မာနိုင်ငံကို အဲဒီလေယာဉ်အနည်းဆုံး(၆)စင်းလွှဲပြောင်းပေးခဲ့ပါတယ်။ဒါဟာ ၂၀၂၁ ခုနှစ်၊ ဇွန်က မြန်မာနိုင်ငံကို လက်နက်တွေတင်ပို့တာမလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေပါတယ်။

Source – DW

Photo – Marina Lystseva

Leave a Reply

Your email address will not be published. Required fields are marked *