ဇူလိုင် ၃၀၊ The Nation Voice
ပြည်သူလူထုသစ္စာအဓိဌာန်ပြုပွဲကို လူတိုင်းပါဝင်ပြီး စစ်အာဏာရှင်ကို လက်မခံကြောင်း ပြသကြဖို့ ၈၈မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်နဲ့ ၂၀၂၁ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ခေါင်းဆောင် ကိုတေဇာဆန်းတို့က တိုက်တွန်းလိုက်ပါတယ်။
မနက်ဖြန် ဇူလိုင် ၃၁ရက်မနက် ၁၀နာရီ ၃၇မိနစ်မှာ လူထု သစ္စာအဓိဌာန်ပြုပွဲကို ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်သူတွေအနေနဲ့ ပုံစံမျိုးစုံ၊ နည်းပေါင်းစုံနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြသကြဖို့ တိုက်တွန်းထားပါတယ်။
ဒီလိုပါဝင်ရာမှာ အန္တရာယ် အကင်းဆုံးနည်းလမ်းတွေနဲ့ ပါဝင်ဖို့ ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။
“ကျွန်တော်တို့ဟာ မကြောက်တဲ့အပြင် ပိုပြီးတော့ ဒီတော်လှန်ရေးကို သန္နိဌာန်ပိုင်းပြတ်သွားစေတယ်ဆိုတာကို ပြောမယ်။ဒါနဲ့ပဲသစ္စာအဓိဌာန်ပြုပွဲတွေလုပ်ကြတာပေါ့။ဆိုတော့ အန္တရာယ်အကင်းဆုံးနည်းလမ်းတွေရွေးကြရမယ်။လူတိုင်းလည်း ပါဝင်နိုင်ရမယ်”လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
ကိုတေဇာဆန်းကလည်း “ကျနော်တို့အနေနဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ်မှာ ဒေါသစိတ်၊ ဝမ်းနည်းစိတ်မှာပဲ ရပ်တန့်မနေဘဲ “လက်တွေ့တော်လှန်စိတ်” အဖြစ် ပြောင်းလဲနိုင်ကြဖို့ အထူး လိုအပ်ပါတယ်။ ဒီပွဲက “ပြည်သူ့တော်လှန်ရေး” ဖြစ်တာနဲ့အညီ ပြည်သူတရပ်လုံးက တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပျက် ပါဝင်နေကြဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
လွတ်မြောက်မှုဆိုတာ အလကား မရနိုင်လို့ လိုရာပန်းတိုင် မရောက်မချင်း သွေးမအေးကြဖို့၊ သွေးမကြောင်ကြဖို့ သွေးမကွဲကြဖို့ ကိုတေဇာဆန်းက ပြောပါတယ်။