ဇူလိုင် ၃၁၊ The Nation Voice
တစ်သားတည်းဖြစ်သွားတဲ့ လူတွေရဲ့ စုပေါင်းအားနဲ့ ‘စမှတ်’ အမည်ရှိ ဇာတ်လမ်းတိုရုပ်ရှင်ဖန်တီးထားတယ်လို့ အဆိုတော် လင်းလင်းက ပြောပါတယ်။
နိုင်ငံ့အနာဂတ်အတွက် ရပ်တည်ချက်၊ ရည်မှန်းချက် တူတဲ့အခါ ခေါင်းစဉ်တွေမတူတဲ့ ရပ်ဝန်းကိုယ်စီက လူတွေဟာ တစ်သားထဲဖြစ်သွားကြပြီး အဲဒီစုပေါင်းအားနဲ့ ဒီ “စမှတ် “ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပေါ်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပေးချင်တဲ့စကားတွေ မက်ဆေ့ခ်ျတွေ ၊အကြောင်းအရာတွေ၊ ပြောချင်တာတွေ အားလုံးကို Short Film လေးနဲ့ ပထမဆုံးတင်ပြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ကြေညာခြင်းမရှိသေးဘဲ စမှတ် အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီဇာတ်လမ်းတိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကိုတင်ပေးမယ်လို့လည်း အဆိုတော် လင်းလင်းက လူမှုကွန်ရက်စာမျက်နှာမှာ ရှင်းပြထားပါတယ်။

ဒီဇာတ်လမ်းတိုကို လက်မှတ်ဝယ်ယူ ကြည့်ရှုရမည်ဖြစ်ပြီး သြဂုတ် (၈)ရက်နေ့မှာ ကြည့်ရှုရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇာတ်လမ်းအတွက် သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးထားပြီး အွန်လိုင်းပလက်ဖောင်းတွေကနေ ရောင်းချပေးမယ်လို့လည်း လင်းလင်းက ပြောပါတယ်။
ဇာတ်ကားထဲမှာ သီချင်း တစ်ဝက်တစ်ပျက်လောက် အသုံးပြုထားပြီး သီချင်းအစအဆုံးကိုတော့ ထပ်ကြေညာပေးပါမှာ ဖြစ်ကာ music platformတွေ ဖြစ်တဲ့ iTunes၊ Spotify တို့ကနေ ရောင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုတော်လင်းလင်းက တော်လှန်ရေးအတွက် ရန်ပုံငွေရရှိဖို့ သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုကာ YouTube channel တွေမှာ တင်ပေးတာတွေ ရှိပြီး “စမှတ်” ဇာတ်လမ်းတိုကတော့ သူရဲ့ ပထမဆုံး ဇာတ်လမ်းတိုလည်း ဖြစ်ပါတယ်။
