ထိုင်းပြည်တွင်းထုတ်ဗုံးရှင်းစက်ရုပ်တွေ ဈေးကွက်တင်ဖို့နဲ့အသုံးပြုဖို့ အဆင်သင့်ရှိနေ

ထိုင်းကာကွယ်ရေးသိပ္ပံနှင့်နည်းပညာဌာနက ဈေးကွက်တင်ဖို့နဲ့ ထိုင်းတောင်ပိုင်းမှာအသုံးပြုဖို့ ပြည်တွင်းထုတ်ဗုံးရှင်းလင်းရေးစက်ရုပ် ၂ မျိုးကို အသိအမှတ်ပြုလိုက်ပါတယ်။ 

သူတို့တီထွင်ထားတဲ့ D-Empir V4 နဲ့ Noonar V4 ဗုံးရှင်းစက်ရုပ်တွေကို ထိုင်းကာကွယ်ရေးသိပ္ပံနှင့်နည်းပညာဌာနက အတည်ပြုပေးခဲ့တယ်လို့ ကာကွယ်ရေးနည်းပညာသိပ္ပံက ဗုဒ္ဓဟူးနေ့မှာကြေညာပါတယ်။ 

စက်ရုပ်တွေကို ဖောက်ခွဲရေးပစ္စည်းတွေရှာဖွေဖို့နဲ့ စွန့်ပစ်ဖို့လိုမျိုး စစ်ဘက်နဲ့အရပ်ဘက်စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ရည်ရွယ်တဲ့ ဗုံးရှင်းစက်ရုပ်စီမံကိန်းအရ ဖန်တီးခဲ့တာဖြစ်ပါတယ်။ 

D-Empir V4 တွေကို ကာကွယ်ရေးနည်းပညာသိပ္ပံနဲ့ မဟာနာခွန်နည်းပညာတက္ကသိုလ်တို့က ၂၀၁၇ ခုနှစ်မှာစတင်တဲ့စီမံကိန်းနဲ့ ထုတ်လုပ်ခဲ့ပြီး အဲဒီစက်ရုပ်တွေကို ထိုင်းတောင်ပိုင်းမှာအသုံးပြုသွားမှာပါ။ 

စက်ရုပ်တစ်ရုပ်ထုတ်လုပ်ဖို့ ဘတ် ၈ သန်းကနေ သန်း ၅၀ ကြားကုန်ကျတယ်လို့ မဟာနာခွန်နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ပါနဝီ ပိုကိုင်အူဒုံကပြောပါတယ်။ 

နိုင်ငံခြားကတင်သွင်းတဲ့ဗုံးရှင်းစက်ရုပ်တွေဟာ ထိုင်းနိုင်ငံရဲ့ပူနွေးစိုစွတ်တဲ့ရာသီဥတုကြောင့် ထိန်းသိမ်းမှုအပိုင်းမှာပြဿနာရှိတဲ့အတွက် ထိုင်းနိုင်ငံနဲ့ အမြဲတမ်းကိုက်ညီမှုမရှိနေချိန်မှာ အခုစက်ရုပ်တွေ ထုတ်လုပ်နေတာပါ။ 

Noonar V4 တွေကိုတော့ ကာကွယ်ရေးနည်းပညာသိပ္ပံနဲ့ ဆောင်ခလာမင်းသားတက္ကသိုလ်တို့ထုတ်လုပ်တာဖြစ်ပြီး သေးငယ်ပြီးပေါ့ပါးပေမဲ့ ပြောင်းလဲလွယ်ပြီးအကြမ်းခံတယ်လို့ ကာကွယ်ရေးနည်းပညာသိပ္ပံညွှန်ကြားရေးမှူးချုပ် ချူချက် ဘွာခေါင်ကပြောပါတယ်။ 

Noonar V4 ဟာ နိုင်ငံခြားကတင်သွင်းတဲ့ဗုံးရှင်းစက်ရုပ်တွေလိုမျိုး အရည်အသွေးမြင့်မားပြီး ထုတ်လုပ်စရိတ်သက်သာပါတယ်။ 

ကာကွယ်ရေးနည်းပညာသိပ္ပံကတော့ Noonar V4 တွေထုတ်လုပ်မှုကို အဆင့်မြှင့်ပြီး တင်ပို့ရောင်းချနိုင်ဖို့စီစဉ်နေပြီး တင်ပို့ရောင်းချမှုကနေ နိုင်ငံအတွက် ဝင်ငွေလည်းဖန်တီးပေးလိမ့်မယ်လို့ ချူချက်ကပြောပါတယ်။ 

Source –  Bangkok Post 
Photo – Defence Technology Institute

#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ထိုင်းနိုင်ငံ #‌ဗုံးရှင်းစက်ရုပ်

Leave a Reply

Your email address will not be published. Required fields are marked *