ဇူလိုင် ၃၁၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၅)နယ်မြေဖာပွန်ခရိုင်မှာ စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ရဲ့ ကားတစ်စီးကို တိုက်ခိုက်ခဲ့လို့ BGF တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၉ရက်က မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ်(၅) တပ်မဟာလက်အောက်ခံ တပ်ရင်း(၁၀၂)ရဲ့တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် BGF ရဲ့ ကားတစ်စီးကို ဝါးသိုးခိုရွာအနီးက ကမမောင်း- ကတိုင်တိ လမ်းပေါ်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်တပ်ဖက်က(၃)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီရဲ့ လက်ကိုင်တုတ် BGF တပ်ဟာ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက် အကြပ်ကိုင်တာ၊ ပြည်သူလူထုရဲ့ သွားလာမှုတွေကို ပိတ်ပင်တာ၊ လယ်ယာခြံမြေတွေ အပါအဝင် ပြည်သူလူထုရဲ့ လုပ်ငန်းခွင်တွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လုပ်ဆောင်လျက်ရှိတယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။
