အာဏာသိမ်းစစ်တပ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်တယ်ဆိုပြီး မြန်မာနိုင်ငံရောက်ဂျပန်နိုင်ငံသားတစ်ဦးကို ရဲဖမ်းဆီး

ဇူလိုင် ၃၁၊ The Nation Voice

အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတစ်ခုမှာပါဝင်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံရောက်ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စနေနေ့မှာ ရဲကဖမ်းဆီးခဲ့ပါတယ်။

အသက် (၂၀)ဝန်းကျင် တိုရူ ကူဘိုတာ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။

သူ့ကို ရန်ကုန်က ရဲစခန်းတစ်ခုမှာ စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ သံရုံးကပြောပြီး စခန်းနာမည်ကိုထုတ်မပြောပါဘူး။

တောင်ဒဂုံမြို့နယ်မှာ ဆန္ဒပြသူတွေနဲ့အတူရှိခဲ့တဲ့သူ့ကို ဆန္ဒပြသူ (၂)ဦးနဲ့အတူဖမ်းမိခဲ့ပြီး ကင်မရာ (၁) လုံးအပါအဝင် သူတို့ပိုင်ပစ္စည်းတွေကို ရဲတွေကသိမ်းဆည်းခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်မှာ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအဖွဲ့ကို ဖြုတ်ချကာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်အများအပြားကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စစ်တပ်ကကြီးစိုးနေတာပါ။

၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဂျပန်အလွတ်တန်းသတင်းစာဆရာတစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး သတင်းမှားဖြန့်ချိမှု၊နေထိုင်ခွင့်သက်တမ်းကျော်လွန်နေမှုတို့နဲ့ စွဲချက်တင်ခဲ့ပါတယ်။နောက်တစ်လအကြာမှာ ဂျပန်အစိုးရနဲ့အခြားကြားခံတွေရဲ့တောင်းဆိုမှုနဲ့သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *