အာဖရိကတိုက်ပြင်ပမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုတွေရှိလာ

ဇူလိုင် ၃၁၊ The Nation Voice

ဘရာဇီးနဲ့စပိန်နိုင်ငံတို့မှာ မျောက်ကျောက်ရောဂါကြောင့်သေဆုံးသူတွေရှိလာတယ်လို့ ကြေညာပါတယ်။

ဘရာဇီးနိုင်ငံက အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးက အာဖရိကတိုက်ပြင်ပမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးသူဖြစ်လာပါတယ်။

မကြာခင်မှာပဲ မျောက်ကျောက်ရောဂါကြောင့် လူ (၂)ဦးသေဆုံးခဲ့တယ်လို့ စပိန်နိုင်ငံကကြေညာခဲ့တဲ့အတွက် စပိန်က သေဆုံးသူတွေဟာ ဥရောပတိုက်မှာ ပထမဆုံးမျောက်ကျောက်ရောဂါကြောင့် သေဆုံးသူတွေဖြစ်လာပါတယ်။

ပြီးခဲ့တဲ့တပတ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ကူးစက်မှုတွေဟာ အများအားဖြင့် မပြင်းထန်ဘဲ လူအများကို ကူးစက်နိုင်တဲ့အန္တရာယ်လည်း နည်းပါတယ်။

ဘရာဇီးနိုင်ငံမှာ မျောက်ကျောက်ကူးစက်အတည်ပြုလူနာ(၁၀၆၆)ဦးရှိပြီး သံသယလူနာ (၅၃၁)ဦးရှိနေပါတယ်။အတည်ပြုလူနာ(၉၈)ရာခိုင်နှုန်းဟာ လိင်တူဆက်ခံခဲ့တဲ့အမျိုးသားတွေလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနအချက်အလက်တွေအရ သိရပါတယ်။ စပိန်နိုင်ငံရဲ့ ပထမသေဆုံးသူက ဦးနှောက်ရောင်ရောဂါအခံရှိသူဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ မျောက်ကျောက်ရောဂါအတည်ပြုလူနာ (၃၇၅၀)ဦးရှိပြီး အယောက် (၁၂၀)က ဆေးရုံတက်ကုသမှုခံယူနေတယ်လို့ စပိန်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာရဲ့အချက်အလက်တွေအရ ကမ္ဘာတဝှမ်းမျောက်ကျောက်ရောဂါအတည်ပြုလူနာ (၂၁၁၄၈)ဦးရှိနေပါတယ်။

မျောက်ကျောက်ရောဂါဟာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ မျိုးရင်းတူတဲ့ဗိုင်းရပ်စ်ကြောင့်ဖြစ်လာပေမဲ့ ပြင်းထန်မှုနည်းပြီး ကူးစက်နိုင်ချေနည်းတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

အပူပိုင်းမိုးသစ်တောတွေနဲ့နီးတဲ့ အာဖရိကတိုက်အလယ်ပိုင်းနဲ့ အနောက်ပိုင်းနိုင်ငံတွေမှာ အဖြစ်များပါတယ်။ လိင်တူ၊ လိင်တူလိင်ကွဲ (၂)မျိုးစလုံးခုံမင်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့အပါအဝင် ကူးစက်နိုင်ချေများသူတွေအနေနဲ့ ကာကွယ်ဆေးကြိုတင်ထိုးထားသင့်တယ်လို့ ကျန်းမာရေးအရာရှိတွေက အကြံပြုနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *