ကရင်နီဒေသမှာ ဇူလိုင်လအတွင်း တိုက်ပွဲ(၅၀)ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ(၉၀)နီးပါးသေ၊စစ်ကောင်စီတပ်ဆီကလက်နက်(၂၁)လက်ရရှိခဲ့တယ်လို့ KNDF ပြော

ဩဂုတ် ၁၊ The Nation Voice

ကရင်နီဒေသမှာ ဇူလိုင်လ တစ်လတာအတွင်း တိုက်ပွဲ(၄၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်က (၈၈) ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီက လက်နက် (၂၁) လက် သိမ်းဆည်းရမိခဲ့လို့လည်း အသိပေးထားပါတယ်။ ဇူလိုင်လစတုတ္ထအပတ် တိုက်ပွဲသတင်း ထုတ်ပြန်ရာမှာ တစ်လတာအတွင်း စစ်ရေး အခြေအနေ စုစုပေါင်းကို ဖော်ပြခဲ့တာပါ။

ဇူလိုင်လတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းက‌နေ (၂၁) ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဒီးမော့ဆိုမြို့နယ် ဒေါခမီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံရင်း KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒဏ်ရာသူတွေလည်းရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် PDF တပ်က ပြောထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင်လအတွင်းမှာ အင်အားဖြည့်တင်းတာ ၊ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေကြောင့် တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *