သြဂုတ် ၁၊ The Nation Voice
ယူကရိန်းနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင် စိုက်ပျိုးရေးထွက်ကုန်လုပ်ငန်းရှင်ကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံမြောက်ပိုင်း မိုင်ကိုလိုင့်ဗ်မြို့ကို ရုရှားက ဗုံးအကြီးအကျယ်ကြဲစဉ်မှာ ထိမှန်သေဆုံးခဲ့ပါတယ်။
အသက် (၇၄) နှစ်ရှိနေပြီဖြစ်တဲ့ အိုလက်ဆီ ဗာဒါတာစကီ နဲ့ ဇနီးသည် ရိုင်ဆာ တို့က ညနက်ပိုင်းမှာ အိမ်ကိုဒုံးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။
ဗာဒါတာစကီဟာ နိုင်ငံခြားကို စားနပ်ရိက္ခာတွေတင်ပို့တဲ့ Nibulon ကုမ္ပဏီကိုပိုင်ဆိုင်ပြီး ယူကရိန်းနိုင်ငံသူရဲကောင်း ဂုဏ်ပြုဆုကိုလည်း ရရှိထားသူပါ။
သူသေဆုံးခဲ့မှုဟာ ကြီးကျယ်တဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီကပြောပါတယ်။
မိုင်ကိုလိုင့်ဗ်မြို့ကို ရုရှားရဲ့ဗုံးကြဲမှုဟာ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ မြို့တော်ဝန် အိုလက်ဆန်းဒါး ဆန်ကီဗစ်ချ်ကပြောပါတယ်။
အိမ်တွေသာမက ဟိုတယ်တစ်လုံး၊အားကစားကွင်းတစ်ခု၊ ကျောင်း (၂)ကျောင်းနဲ့ ဝန်ဆောင်မှုဌာန တစ်ခုလည်း ပျက်စီးခဲ့ပါတယ်။
မြို့ဟာ ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒက်ဆားကိုသွားတဲ့ အဓိကလမ်းမပေါ်မှာရှိနေပြီး ဖေဖော်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ထပ်ကာထပ်ကာတိုက်ခိုက်ခံနေရတာပါ။
