လူထုသစ္စာအဓိဌာန်ပြုပြီးနောက် နားကပ် နားဆွဲ (၃၂) စုံ၊လက်စွပ် (၄) ကွင်း၊ ငွေသား (၄) သိန်းကျော်ကို မြိုင်ပြည်သူတွေက လှူဒါန်း

ဩဂုတ် ၁၊ The Nation Voice

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ပြုလုပ်တဲ့ အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီး ပြည်သူ‌တွေက ရွှေငွေတို့ကို လှူဒါန်းခဲ့တယ်လို့ BEGSC-Myaing က ဆရာတစ်ဦးကပြောပါတယ်။

အဲဒီလို အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ပြည်သူတွေဟာ ဝတ်ဆင်လာကြသော ရွှေနားဆွဲ၊ ရွှေနားကပ်၊ ရွှေလက်စွပ်‌တို့ကို ချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ ကြားကာလပညာရေးဖော်ဆောင်လျက်ရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းအတွက် ကူညီထောက်ပံ့ခဲ့ကြတာလည်းဖြစ်ပါတယ်။

လှူဒါန်းခဲ့တာတွေကတော့ နားကပ် နဲ့ နားဆွဲစုစုပေါင်း(၃၂)စုံ ၊ လက်စွပ်(၄)ကွင်း၊ ငွေသားစုစုပေါင်း လေးသိန်းသုံးသောင်းကျပ်တိတိတို့ပဲဖြစ်တယ်လို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေတဲ့ကြားကပင် စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့ တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို လေးလေးစား ဦးညွတ်ဂါရဝပြုအပ်တယ်လို့လည်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *