သြဂုတ် ၁၊ The Nation Voice
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီက စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကိုသွားရောက်မယ့်အာရှခရီးစဉ်စတင်နေပြီလို့ သူ့ရဲ့ရုံးကပြောပေမဲ့ ထိုင်ဝမ်ကိုသွားမယ်ဆိုတာတော့ ပြောဆိုခြင်းမရှိပါဘူး။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို သူသွားမယ်လို့ အတိအကျခန့်မှန်းမှုတွေရှိနေပါတယ်။ထိုင်ဝမ်ကို ပီလိုစီသွားရင် ဆိုးရွားတဲ့နောက်ဆက်တွဲတွေရင်ဆိုင်ရမယ်လို့ တရုတ်နိုင်ငံက သတိပေးထားပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေခွဲထွက်နေတဲ့ပြည်နယ်ဖြစ်ပြီး တချိန်မှာ ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ တရုတ်နိုင်ငံကဆိုထားပါတယ်။
(၆)ဦးပါဝင်မယ့်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က အမေရိကန်ရဲ့ဒေသတွင်းမိတ်ဖက်တွေနဲ့ မိတ်ဆွေတွေကို အမေရိကန်ရဲ့မတုန်လှုပ်နိုင်တဲ့ကတိကဝတ်တွေထပ်မံအတည်ပြုဖို့ ကြိုးစားမယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရတ်အမတ် ပီလိုစီက တွစ်တာမှာပြောပါတယ်။
ပြီးခဲ့တဲ့ (၂၅)နှစ်အတွင်း ထိုင်ဝမ်ကို အမေရိကန်ရွေးကောက်ခံအရာရှိကြီးတွေ သွားရောက်ခဲ့ခြင်းမရှိပါဘူး။အမေရိကန်ဟာ တရုတ်ပြည်မကြီးနဲ့ တရားဝင်သံတမန်ဆက်ဆံရေးရှိပေမဲ့ ထိုင်ဝမ်နဲ့တော့မရှိပါဘူး။
ပီလိုစီဟာ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးမှတ်တမ်းတွေကြောင့် တရုတ်ခေါင်းဆောင်တွေကို ပေါ်ပေါ်ထင်ထင်ဝေဖန်သူဖြစ်ပါတယ်။ ထိုင်ဝမ်ဒီမိုကရေစီလိုလားတဲ့တက်ကြွလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ၁၉၈၉ ခုနှစ်၊ တီယန်မင်ရင်ပြင်မှာ တရုတ်စစ်သားတွေရဲ့ဖြိုခွဲမှုကြောင့် လူအမြောက်အမြားသေဆုံးမှုအတွက် ဝမ်းနည်းကြောင်းပြသဖို့လည်း ရင်ပြင်ကိုသွားရောက်ခဲ့ဖူးပါတယ်။
