အာဏာသိမ်းပြီးနောက် ကရင်နီဒေသမှာ တိုက်ပွဲ (၄၀၀)ခန့် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က(၁၄၅၀) ကျော်သေ

ဩဂုတ် ၁၊ The Nation Voice

ကရင်နီဒေသမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က(၁၄၅၁) ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် (၁၄၇)ဦး ကျဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်‌နေ့ကနေ ၂၀၂၂ ဇွန်လ ၃၁ရက် နေ့အထိ ကရင်နီပြည်ရှိ စစ်ရေး၊နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအချိုးဖောက်ခံရမှု အခြေအနေတွေကို PKPF က ထုတ်ပြန်ခဲ့တာပါ။

အာဏာသိမ်းကာလ တစ်နှစ်ခွဲ အတွင်း တိုက်ပွဲပေါင်း(၃၉၃)ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။တိုက်ပွဲတွေအတွင်း စစ်ကောင်စီယာဉ် (၅၄)စီး ပျက်စီးခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု (၁၅၇)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အရပ်သား ပြည်သူ(၂၅၅)ဦးအသက်ဆုံးရှုံးခဲ့ရသလို စစ်ရှောင်ပြည်သူ(၃၈)ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်က မတရား ဖမ်းဆီးခဲ့သူ (၂၆၀)ဦး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာရေးအဆောက်အဦ (၂၃)လုံးနဲ့ ပြည်သူလူထု နေအိမ် (၁၁၃၃)လုံး ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရည်ရွယ်ချက်ရှိရှိ နေအိမ်တွေကို မီးရှို့တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာပါ။

အခုအချိန်ထိလည်း ကရင်နီဒေသမှာ ကရင်နီ ကာကွယ်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရှောင်ပြည်သူ သိန်းနဲ့ချီစစ်ဘေးရှောင်နေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *